ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက် မြေစာနွံ ကန် ပေါက်ကျမှုမှာ ဇန်နဝါရီ ၁၆ ရက်၊ မနက်ပိုင်းထိ သေဆုံးသူ ရုပ်အလောင်း ၃၁ လောင်း ရှာဖွေတွေ့ရှိထား တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်မြို့နယ် ကော်မတီကနေ သိရပါတယ်။
လက်ရှိမှာတော့ နွံကန်ပေါက်ကျမှုဖြစ်တဲ့ အနီးက လူနေအိမ်ခြေတွေမှာ ရွှံ့နွံတွေ ဖယ်ရှားရှင်းလင်းတာ ပြုလုပ် ခဲ့ပြီး ရှာဖွေမှုတွေကတော့ ပြီးဆုံးသွားပြီ ဖြစ်တယ်လို့ ဆိုပါတယ်။နွံကန်ပေါက်ကျမှုကြောင့် ရွှံ့နွံတွေ ဖုံးလွှမ်းသွားတဲ့ နေရာမှာ လတ်တလော သွားလာခွင့်ပြုထားတယ်လို့ သိရပါ တယ်။
ဖားကန့်မြို့နယ်၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်၊ မနက်အစောပိုင်းက စွန့်ပစ်မြေစာ ဖိအားကြောင့် မြေအောက်က ရွှံ့နွံတွေ ပေါက်ကျမှု ဖြစ်ပွားခဲ့ပြီး အနီးရှိ နေအိမ် ၅၀ ကျော်လောက် နစ်မြုပ် သွားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းကလည်း ကချင်ပြည်နယ်၊ ဝှေခါကျေးရွာ က ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ကမ်းပါးပြိုကျမှုကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၁၉၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။