လုပ်သားတစ်ဦးချင်းစီအတွက် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ အဆင်သင့် ဖြစ်စေဖို့ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းပညာ အားပေးချီးမြှောက်တာ၊ လုပ်ငန်းခွင်ကနေ အလုပ်သင် အခွင့် အလမ်းတွေရရှိစေတာ၊ လူတစ်ဦးချင်းစီရဲ့ လုပ်ငန်းခွင်ဝင်ရောက်ဖို့ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ပေးတာ စတဲ့ လုပ်ငန်းခွင်နဲ့ ပညာရေး ပေါင်းကူးပေးတဲ့ အစီအစဉ်တွေ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီ ရဲ့ ဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောပါတယ်။

မေလ ၁၁ ရက် မနက် ၉ နာရီအချိန်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်၊ မင်းတုန်းခမ်းမမှာ ကျင်းပပြုလုပ်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ၁/၂၀၂၅ သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ လုပ်သားတွေရဲ့ ဘဝမြင့်မားလာစေဖို့အတွက်လည်း အနည်းဆုံးလုပ်ခလစာကို ဈေးကွက်နဲ့ လိုက်လျောညီထွေ အောင် ပြန်လည်သုံးသပ်တာ၊ လုပ်လခလစာ ခေါင်းပုံဖြတ်ခံရတာကနေ ကာကွယ်တာ၊ လုပ်ငန်းခွင်လုံခြုံရေးနဲ့ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ လုပ်ငန်းခွင်တွေ ပေါ်ပေါက်လာစေဖို့၊ လုပ်ငန်းခွင် အာမခံစနစ်ဖွံ့ဖြိုးလာစေ ဖို့တို့ကိုလည်း တွန်းအားပေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“လူတိုင်းအတွက် အလုပ်အကိုင်” ဆောင်ပုဒ်နဲ့အညီ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အလုပ် အကိုင် အခွင့်အလမ်းတွေ များပြားလာတဲ့အချိန်မှာ အလုပ်အကိုင်ရှာဖွေသူတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ တဖြည်းဖြည်း မျှတလာပြီး အလုပ်လက်မဲ့ဦးရေတွေ နည်းပါးလာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်ချိန်မှာ အလုပ်လို ချင်တဲ့ လုပ်သားအရေအတွက်ထက်ကို အလုပ်အကိုင်အခွင့်အလမ်းတွေ များပြားလာတဲ့အချိန်မှာ လုပ်ခလစာတွေ မြင့်တက်လာပြီး တစ်ဦးချင်းဝင်ငွေလည်း တိုးတက်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။