ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် လမ်းလျှောက်သင်္ကြန်မှာ ဧပြီလ ၁၆ရက် သင်္ကြန်အတက်နေ့မနက်ပိုင်းက လာရောက်လည်ပတ်သူ ရေကစားသူတွေ စည်းကားများပြားတာကို တွေ့ရပါတယ်။

လမ်းလျှောက်သင်္ကြကို လာရောက်လည်ပတ်သူတွေကို ရွှေရင်အေး၊ သာကူ၊ အအေး စတဲ့ စတုဒိသာတွေ ကျွေးမွေးလှူဒါန်းတာကိုလည်း တွေ့ရပါတယ်။

အဲဒီအပြင် ပြည်သူ့ရင်ပြင်ကို လာရောက်ရေကစားသူတွေအတွက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်နိုင်ပေါင် နေရာတွေကိုလည်း လုပ်ပေးထားပြီး လာရောက်သူတွေ စိတ်ဝင်တစားနဲ့ လိမ်းခြယ်ကြတာကိုလည်း တွေ့ရပါတယ်။၊

အခုနှစ်မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ယူနက်စကိုရဲ့ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရတာကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ပြုကျင်းပတာဖြစ်ပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုတဲ့အနေနဲ့ သနပ်ခါးလိမ်းတဲ့ဓလေ့ကိုလည်း ထည့်သွင်းကျင်းပတာဖြစ်ပါတယ်။
ဒါ့အပြင် မတ်လ၂၈ရက်မှာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အခုနှစ်မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုတွေမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့သင်္ကြန်၊ အေးသင်္ကြန်အဖြစ် ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။