ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးဘေး၊ နေပြည်တော်အထွက် မိုင်တိုင်အမှတ်(၂၀၃)မိုင်မှာ သဘာဝတရားရိပ်သာ ဗုဒ္ဓဥယျာဉ်တော်ကြီးကို စတင်အကောင်အထည်ဖော်တည်ဆောက်နေသလို အဲဒီအနောက်ဘက်ခြမ်းက မြေဧက (၁၅)ဧကပေါ်မှာလည်း နေထိုင်ရေးအခက်အခဲရှိနေသူတွေ နေထိုင်နိုင်ဖို့အတွက် စေတနာကူညီကယ်ဆယ်ရေးရွာ အဖြစ် နေအိမ်တွေ စတင်တည်ဆောက်နေတယ်လို့ သဘာဝတရားရိပ်သာဆရာတော်ရဲ့ မိန့်ကြားချက်အရ သိရပါတယ်။

အဲဒီမှာ အခက်အခဲဖြစ်နေသူတွေနေထိုင်နိုင်ဖို့ နေအိမ်တွေအပြင် ဓမ္မာရုံ၊ ဘုန်းကြီးကျောင်းနဲ့ တရားရိပ်သာ၊ ဆေးပေးခန်း၊ ဈေး၊ စာသင်ကျောင်းအစရှိတာတွေအပါအဝင် လိုအပ်တဲ့အဆောက်အဦတွေကိုလည်းထည့် သွင်းဆောက်လုပ်သွားဖို့စီစဉ်နေတယ်လို့ သဘာဝတရားရိပ်သာ ဆရာတော်အရှင်ဥတ္တမသာရက မိန့်ကြားပါတယ်။အဲဒီစေတနာကူညီကယ်ဆယ်ရွာမှာ နေထိုင်ရေးအခက်အခဲရှိနေတဲ့ ဘယ်သူကိုမဆို နေအိမ်တွေဆောက်လုပ် လှူဒါန်းပေးသွားမှာဖြစ်ပြီး အဲဒီနေအိမ်တွေမှာမနေထိုင်လိုဘဲ ကိုယ့်စိတ်တိုင်းကျကိုယ်တည်ဆောက်လိုတယ်ဆို ရင်လည်းမြေနေရာတွေကိုလှူဒါန်းပေးသွားမှာဖြစ်တယ်လို့ မိန့်ပါတယ်။


နေထိုင်ရေးအခက်အခဲရှိသူတွေအတွက် ပရဟိတနှလုံးသားကို ရှေ့တန်းတင်ပြီး အခုလို လုပ်ဆောင်ပေးတဲ့အပေါ် အားရကျေနပ်မိသလို အလှူရှင်တွေလည်း ပူးပေါင်းပါဝင်စေချင်တယ်လို့ ဗုဒ္ဓဂုဏ်ရည်ဆရာတော် အရှင်အဂ္ဂဓမ္မ က မိန့်ပါတယ်။နေထိုင်ရေးနဲ့ စားသောက်ရေးအခက်အခဲဖြစ်နေချိန်မှာ အခုလိုဆောင်ရွက်ပေးတဲ့အတွက် အခက်အခဲတွေအဆင် ပြေသွားသလို ဝမ်းသာမိတယ်လို့လည်း လာရောက်နေထိုင်သူတစ်ဦးက ပြောပါတယ်။ လတ်တလောမှာ လာရောက်နေထိုင်ဖို့ ဆက်သွယ်လာသူတွေဟာ အိမ်ထောင်စု တစ်ရာဝန်းကျင်လောက်ရှိနေပြီး သူတို့ကို တွေ့ဆုံစိစစ်တာတွေလုပ်ဆောင်နေ သိရပါတယ်။