နေပြည်တော်က မြို့နယ်အချို့မှာ ဩဂုတ် ၂၃ ရက်က မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် ရေကြီးနစ်မြုပ်မှုတွေရှိနေတယ်လို့ နေပြည်တော်အခြေစိုက်လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ မိုးသည်းထန်စွာရွာသွန်းတာတွေကြောင့် ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ်တွေမှာ ဩဂုတ် ၂၄ ရက်၊ မနက်ပိုင်းကစပြီးပေါင်းလောင်းမြစ်၊ ငလိုက်ချောင်းနဲ့ ဆင်သေချောင်းရေတွေ မြင့်တက်ဝင်ရောက်လာတာကြောင့် ရပ်ကွက်၊ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာလို့ဆိုပါတယ်။
လက်ရှိမှာတော့ ရေကြီးနစ်မြုပ်နေတဲ့ရပ်ကွက်၊ကျေးရွာတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့လည်းပုဗ္ဗသီရိမြို့နယ်အခြေစိုက် ပုဗ္ဗတွဲလက်များလူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
ပေါင်းလောင်းမြစ်ကမ်းဘေးရှိ ကျေးရွာတွေမှာ ရေတွေဝင်ရောက်တာကြောင့် စပါးသီးနှံ၊ ယာသီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ အလားတူ ပျဉ်းမနားမြို့နယ် ငလိုက်ချောင်းအနီးရှိ မြို့ပေါ်ရပ်ကွက်တွေမှာလည်း ချောင်းရေမြင့်တက်လာတာကြောင့် နေအိမ်တွေမှာ ရေတွေဝင်ရောက်နေပြီး နေထိုင်စားသောက်ရေးအတွက် အကူအညီတွေလိုအပ်နေတယ်လို့ လူမှုကူညီရေးအသင်းတွေကပြောပါတယ်။