နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်မှာ ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ်ပိုင်းက အမျိုးသားတစ်ယောက်ဟာ လေးထပ် တိုက်ပေါ်ကနေ ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ အဲဒီဖြစ်စဉ်ကို သွားရောက်ကူညီခဲ့တဲ့ စိုးမိုးသူ လူမူကူညီရေး အဖွဲ့ကနေ သိရပါတယ်၊၊

အခင်းဖြစ်စဉ်ကတော့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်က လေးလွှာ တိုက်ခန်းတစ်ခန်းမှာ နေထိုင်တဲ့ အသက် ၄၀ အရွယ် အမျိုးသားတစ်ယောက်ဟာ တိုက်ပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်ခဲ့တာလို့ ဆိုပါ တယ်။တိုက်ပေါ်က ခုန်ချသူဟာ အရက်သောက်ထားတာကို တွေ့ရပြီး နေအိမ်မှာ တစ်ယောက်တည်း ရှိနေချိန် နေအိမ်တိုက်ခန်းရဲ့ ဧည့်ခန်းအပေါက်ကနေ ခုန်ချတာဖြစ်တယ်လို့ စိုးမိုးသူလူမူကူညီရေးအဖွဲ့ ဥက္ကဋ္ဌ ကိုစိုးမိုးက ပြောပါတယ်၊၊

ခုန်ချခဲ့တဲ့ အမျိုးသားဟာ ဦးခေါင်း နောက်စေ့ကွဲဒဏ်ရာနဲ့ သေဆုံးခဲ့တာဖြစ်ပြီး ခုန်ချရတဲ့အကြောင်းရင်းကို သက် ဆိုင်ရာက စုံစမ်းနေတယ်လို့ ဆိုပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ နေပြည်တော် ခုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီးရဲ့ ရေခဲတိုက်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။