နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်မှာ ငွေကြေးလိုအပ်တဲ့အတွက် ကပ္ပိယကို သတ်ပြီး ဖုန်းနဲ့ငွေတွေ လုယက် ယူ ဆောင်ခဲ့တဲ့ အမျိုးသား သုံးယောက်ကို ဇူလိုင် ၁၉ ရက်က ဖမ်းမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

ဥတ္တရသီရိမြို့နယ်၊ အမှတ်(၁)မီးသတ်စခန်း အနောက်ဘက်တောအတွင်း ဇူလိုင် ၁၇ ရက်၊ မနက် ၈ နာရီလောက် က မီးသွေးဖိုအနီးမှာ ကိုးရွာသပြေကုန်းကျေးရွာ၊ လေးကျွန်းမဏ္ဍိုင်ဘုန်းကြီးကျောင်းက ကပ္ပိယဖြစ်သူ ဦးလှဝင်း (၇၄ နှစ်)ဟာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရတဲ့အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ ပါတယ်။
အခင်းမဖြစ်မီ ရက်တွေက ဘုန်းကြီးကျောင်းမှာ ရောက်ရှိနေတဲ့ ကိုးရွာသပြေကုန်းကျေးရွာနေ နိုင်မင်းထွန်း(ခေါ်) ဘိုဘို(၁၈ နှစ်)၊ ဇွဲခန့်နိုင်(ခေါ်)ဇွဲခန့် (၁၇ နှစ်) နဲ့ ဆန်းမင်းငြိမ်း(ခေါ်)ပေါက်တူး (၂၇ နှစ်)တို့ကို မသင်္ကာတဲ့အတွက် စစ်ဆေးခဲ့ရာ လူသတ်လုယက်မှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ ငွေကြေးလိုအပ်ချက်ကြောင့် ဇူလိုင် ၁၆ ရက်၊ ညနေပိုင်းက ကပ္ပိယ ဦးလှဝင်းကို ထင်းချောင်းနဲ့ ဝိုင်းဝန်းရိုက်နှက်ပြီး Vivo ဖုန်းနဲ့ ငွေကျပ် ခုနစ်သောင်းနှစ်ထောင် လုယက်ယူဆောင်ခဲ့တာ ဖြစ် တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ဖမ်းမိသူတွေကို ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေပြီး ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။