လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူတွေထဲမှာ အကျဉ်းကျခံနေရတဲ့ နာမည်ကြီးသရုပ်ဆောင်သင်ဇာဝင့်ကျော်လည်းပါဝင်တယ်လို့ အနုပညာအသိုင်းအဝိုင်းကနေ သိရပါတယ်။

သင်ဇာဝင့်ကျော်နဲ့ရင်းနှီးတဲ့ အနုပညာရှင်တချို့ကလည်း ပြန်လည်လွတ်မြောက်လာတဲ့ သင်ဇာဝင့်ကျော်အတွက် ဝမ်းမြောက်ကြောင်းပို့စ်တွေ ရေးသားထားတာကို တွေ့ရပါတယ်။သင်ဇာဝင့်ကျော်ဟာ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာ၂၃ရက်မှာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နဲ့ ထောင်ဒဏ်၅နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။

အခု ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူတွေထဲမှာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က)နဲ့ ထောင်ဒဏ်၆နှစ် ချမှတ်ခံရထားတဲ့ မော်ဒယ်နန်းမွေစံကတော့ ပါဝင်ခြင်းမရှိဘူးလို့ ကနဦးသတင်းတွေအရ သိရပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ၄ရက်မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား၊ အကျဉ်းသူ ၅၈၆၄ယောက်၊ နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ အယောက်၁၈၀တို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်တယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- Thin Zar Wint Kyaw Fb