မြန်မာနိုင်ငံရဲ့ ဒုတိယမြောက် မြေအောက်လမ်းကူးလူသွားဥမင်(Underpass)ဖြစ်တဲ့ ရန်ကုန်မြို့၊ ရွှေတိဂုံစေတီ အနောက်ဘက်မုခ်နဲ့ ပြည်သူ့ရင်ပြင်ကို ဆက်သွယ်ထားတဲ့ ဦးဝိစာရလမ်း မြေအောက်လမ်းကူးလူသွားဥမင်ကို ဒီဇင်ဘာ ၂၃ ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီ မြေအောက်လမ်းကူးလူသွားဥမင် ဖွင့်ပွဲအခမ်းအနားကို နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဒီဥမင်ကို နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက စတင်တည်ဆောက်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာပဲ ဖွင့်လှစ်နိုင်ခဲ့တာပါ။

ပင်မဥမင်အမြင့် ၁၁ ပေ၊ အကျယ် ၂၃ ပေ၊ ဥမင်အလျား စုစုပေါင်း ၄၆၁ ပေရှိပြီး ဝင်ပေါက်ထွက်ပေါက် ၄ ခု ပါဝင် ပါတယ်။ ဥမင်ထဲမှာ ရွေ့လျားစက်လှေကား ၄ စင်း၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေ အသုံးပြုဖို့အတွက် ဓာတ်လှေကား၂ စင်း ထည့်သွင်းတည်ဆောက်ထားပြီး တစ်နာရီကို လူဦးရေ ၁၄၀၀၀ ခန့် ဖြတ်သန်း သွားလာ နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ မြေအောက်လမ်းကူးလူသွားဥမင်ကို မြန်မာနိုင်ငံသားအင်ဂျင်နီယာပညာရှင်တွေနဲ့ပဲ တည် ဆောက်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးမြေအောက်လမ်းကူးလူသွားဥမင်ဖြစ်တဲ့ ရန်ကုန်မြို့၊ ပြည်လမ်းပေါ် စိုက်ပျိုးရေးမှတ်တိုင်အနီးက မြေအောက်လမ်းကူးလူသွားဥမင်ကိုတော့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ ရက်က ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။