ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက တိုင်းနဲ့ပြည်နယ်အချို့က နေရာဒေသအချို့မှာ မြစ်ရေတွေမြင့်တက်မှုကြောင့် စပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းတွေအများအပြား ရေနစ်မြုပ်မှုတွေဖြစ်ခဲ့ပြီး ပြန်လည်စိုက်ပျိုးဖို့ အခက်အခဲဖြစ်နေတယ်လို့ စပါးစိုက်တောင်သူအချို့က ပြောပါတယ်။
တချို့မြို့နယ်တွေမှာ ရေနစ်မြုပ်ခံခဲ့ရတဲ့လယ်ယာမြေတွေ ရေပြန်လည်ကျဆင်းတာရှိပေမယ့် တစ်ချို့လယ်ယာမြေတွေကတော့ ရေပြန်မကျသေးဘူးလို့ တောင်သူတွေကပြောကြပါတယ်။
ရေနစ်မြုပ်ခံရတဲ့လယ်ယာမြေမှာ စပါးပြန်လည်စိုက်ပျိုးရင် နောက်တစ်ခါ ထပ်ဆုံးရှုံးမှာစိုးတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ ဥက္ကံမြို့၊ ဂေါ့ကျေးရွာအုပ်စုမှာနေထိုင်တဲ့ တောင်သူကိုအောင်မျိုးကျော်က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ရေကြီးနစ်မြုပ်မှုမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုးစပါး အပါအဝင် သီးနှံစိုက်ခင်းဧက ၁၁ သိန်းကျော် ရေနစ်မြုပ်ခံခဲ့ရတယ်လို့သိရပါတယ်။
အဲဒီထဲမှာ မိုးစပါးစိုက်ဧက ၁၀ သိန်းကျော် ရေနစ်မြုပ်ခံရတာဖြစ်ပြီး ထိခိုက်မှုက ဧကတစ်သိန်းနဲ့ သုံးသောင်းကျော်၊ ပျက်စီးမှုဧက ၁ သောင်း ၄ ထောင်ကျော်ရှိတယ်လို့ ကြေးတိုင်နဲ့မြေစာရင်းဦးစီးဌာန၊ စာရင်းအင်းဌာနခွဲကသိရပါတယ်။
ဧရာ၀တီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်မှာဆိုရင်လည်း လယ်မြေဧက နှစ်ထောင်ကျော်ရှိပြီး အားလုံးနီးပါး ရေနစ်မြုပ်ခဲ့တယ်လို့ တောင်သူတွေက ပြောကြပါတယ်။၊
အခုအခါ ပြန်လည်စိုက်ပျိုးဖို့အတွက် အရင်းအနှီးတွေလည်းလိုအပ်တယ်လို့ ရေကြည်မြို့နယ်က တောင်သူ ဦးသိန်းဇော်က ပြောပါတယ်။
လယ်ယာမြေတွေ ရေနစ်မြုပ်ခံရတဲ့တောင်သူတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အထွက်နှုန်းကျဆင်းမှုမရှိစေဖို့အတွက် သွင်းအားစုမြေဩဇာတွေ၊ စိုက်ပျိုးရေးဆေးတွေနဲ့ မျိုးစပါးတွေ ပံ့ပိုးကူညီဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။