ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကစံ Super One မီးပွိုင့်အနီးမှာ ဩဂုတ်လ ၄ ရက်၊ ညနေပိုင်းက ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အဲဒီယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ပစ္စည်းပို့တဲ့ အမျိုးသားတစ်ယောက်သေဆုံးခဲ့တယ်လို့ မေတ္တာညွန့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ကနေ သိရပါတယ်၊၊
အခင်းဖြစ်စဉ်ကတော့ တာမွေမြို့နယ်၊ ကျိုက္ကစံ Super One မီးပွိုင့်အနီးမှာ YBS ယာဉ်တစ်စီးက Deli ပို့တဲ့အမျိုးသားကို နောက်ကနေဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အနီးပတ်ဝန်းကျင်ပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်၊၊
သေဆုံးသူဟာ အသက် ၂၀ ကနေ ၃၀ နှစ် ဝန်းကျင်အကြား Deli ပို့တဲ့ အမျိုးသားတစ်ယောက်ဖြစ်ပြီး အခင်းဖြစ်တဲ့နေရာမှာတော့ တိုက်မိတဲ့ကားကိုမတွေ့ရဘူးလို့ မေတ္တာညွန့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်၊၊
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ အရိုးကုန်းလူနာတင်ယာဉ်နဲ့ စံပြဆေးရုံကြီး ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံလမ်းမပေါ်မှာ ဩဂုတ် ၄ ရက်၊ ည ၁၂ နာရီခွဲလောက်ကလည်း အရက်ဝိုင်းဖွဲ့သောက်နေတဲ့ အမျိုးသားသုံးယောက် ကားတိုက်ခံရပြီး တစ်ယောက်သေဆုံးကာ နှစ်ယောက်ဒဏ်ရာရခဲ့တယ်လို့ အခင်းဖြစ်ရပ်မှာ ကူညီပေးခဲ့တဲ့ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
ဓာတ်ပုံ-မေတ္တာညွန့်လူမှုကူညီကယ်ဆယ်ရေးအဖွဲ့