မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးမှာ တရားမဝင် ရွှေတူးဖော် လုပ်ကိုင်နေသူ အမျိုးသား ၇ ယောက်ကို ရွှေတူးဖော်ရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့ တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
တရားမဝင် ရွှေတူးဖော်လုပ်ကိုင်နေတဲ့ ပျော်ဘွယ်မြို့နယ် ကြူတောဝကျေးရွာနေ ဦးဇော်နဲ့ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာနေသူတွေဖြစ်တဲ့ အမျိုးသား လေးယောက်တို့ကို နိုဝင်ဘာ ၂၇ ရက်က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဆက်လက်ပြီး နိုဝင်ဘာ ၂၈ ရက်ကလည်း တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူတွေဖြစ်တဲ့ သပြေပင်ကျေးရွာနေ ဝင်းစိုးနဲ့ ညောင်အိုင်ကျေးရွာနေ အောင်စိုးဦးတို့နှစ်ဦးကို နေအိမ်ခြံဝင်းအတွင်း ရွှေပါတယ်လို့ ယူဆရတဲ့ ဖြုန်းကျောက် အိတ်ပိုင်းတွေ၊ သဲစာအိတ်ပိုင်းတွေ၊ ဖြုန်းကျောက်တွေ ကြိတ်ရာမှာ အသုံးပြုတဲ့ ရိုက်ပြားတွေနဲ့ ဆက်စပ်ပစ္စည်း တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ တရားမဝင် ရွှေတူးဖော်လုပ်ကိုင်သူ ဦးဇော်ပါ အမျိုးသား ၇ ယောက်နဲ့ ဖမ်းဆီးဖို့ ကျန်တဲ့သူတွေကို ရမည်းသင်းမြို့မရဲစခန်းမှာ မြန်မာ့သတ္တုတွင်းဥပဒေပုဒ်မ ၃၀ (က)နဲ့ အမှုတွေ အသီးသီးရေးဖွင့်ကာ တရားဥပဒေ နဲ့အညီ အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။