အစိုးရရုံးပိတ်ရက် နဲ့ အများပြည်သူ အလုပ်ပိတ်ရက်တွေရဲ့ ကြားရက်တွေကို တစ်ဆက်စပ်တည်း ပိတ်ပေးပြီး ပိတ်တဲ့ရက်တွေအတွက် စနေတစ်ရက်ပြန်အစားထိုးသတ်မှတ်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းဌာနတွေက တစ် ဆင့် ကြေညာထားပါတယ်။

အစိုးရဟာ အများပြည်သူ နဲ့ နိုင်ငံ့ဝန်ထမ်းတွေ ခရီးသွားလာမှု လွယ်ကူစေဖို့ နဲ့ ရက်ရှည်အနား ယူ အပန်းဖြေနိုင်စေဖို့ အတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နဲ့ ၂၀၂၅ ခုနှစ် ပြက္ခဒိန်နှစ်အတွင်း အစိုးရရုံးပိတ် ရက် နဲ့ အများ ပြည်သူ အလုပ်ပိတ်ရက်တွေရဲ့ ကြားရက်တွေကို တစ်ဆက်စပ်တည်း ပိတ်ပေးတာ ဖြစ်ပါတယ်။အခုလို တစ်ဆက်တည်းရုံးပိတ်ရက်ရှည်တွေ သတ်မှတ်ပေးတဲ့အတွက် ခရီးသွားလာရာမှာ အဆင်ပြေနိုင်ပေမယ့် အများပြည်သူနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေကတော့ အဆင်ပြေအောင် ပြုလုပ်ပေးဖို့ လိုအပ်တယ်လို့လည်း ရန်ကုန် မြို့မှာ နေထိုင်တဲ့ ပြည်သူတစ်ယောက်က ပြောပါတယ်။

တစ်ဆက်တည်း ရုံးပိတ်ရက်သတ်မှတ်ပေးတဲ့ ရက်တွေကတော့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ထိ (ရုံးပိတ်ရက် ၅ ရက်)၊ ၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်မှ ၁၆ ရက်ထိ (ရုံးပိတ်ရက် ၅ ရက်)၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ ၄ ရက်ထိ (ရုံးပိတ်ရက် ၄ ရက်) နဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှ ၂၈ ရက် ထိ (ရုံးပိတ်ရက် ၄ ရက်) တို့ ဖြစ်ပါတယ်။ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ပေးတဲ့ ရုံးပိတ်ရက်ရှည်တွေရဲ့ ရှေ့လာမယ့် အနီးဆုံး စနေနေ့ တစ်ရက်စီကို အစားထိုးရုံးတက်ရက်တွေ အဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။

ပထမ ရုံးပိတ်ရက်ရှည် အတွက် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်၊ စနေနေ့ဟာ အစားထိုးရုံးတက်ရက် ဖြစ်ပေမယ့် အဲဒီနေ့ဟာ လွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် ဇန်နဝါရီလ ၁၁ ရက်(စနေနေ့)၊ ဒုတိယ ရုံးပိတ်ရက်ရှည်အတွက် မတ်လ ၂၂ ရက်(စနေနေ့) နဲ့ မတ်လ ၂၉ ရက်(စနေနေ့)၊ တတိယရုံးပိတ် ရက်ရှည်အတွက် နိုဝင်ဘာလ ၈ ရက်(စနေနေ့)၊ စတုတ္ထ ရုံးပိတ်ရက်ရှည်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်(စနေနေ့)တို့ကို အစားထိုး ရုံးတက်ရက်တွေအဖြစ် သတ်မှတ်မှာ ဖြစ်တယ်လို့လည်း ကြေညာချက် အရ သိရပါတယ်။