ညစ်ညမ်းစာတွေ ဖော်ပြပါရှိတဲ့ စာအုပ် ၇ အုပ်နဲ့ပတ်သက်လို့ ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေကို ဥပဒေနဲ့အညီ တရားစွဲ ဆိုနိုင်ရေး ဆောင်ရွက်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၉ ရက်မှာ နိုင်ငံပိုင်သတင်းစာကတစ်ဆင့် အသိပေး ကြေညာထားပါတယ်။အဲဒီစာအုပ်တွေထဲမှာ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၈၊ ပုဒ်မခွဲ (ဂ)ပါ ညစ်ညမ်းစာတွေကို ဖော်ပြခြင်း စည်းကမ်းချက် တွေကို ဖောက်ဖျက်ပြီး ဟီရိဩတ္တပ္ပကင်းတဲ့၊ မြန်မာ့လူအဖွဲ့အစည်းက လက်မခံတဲ့ လူငယ်တွေရဲ့ တွေးခေါ် မြော်မြင်မှုနဲ့ ခံစားနားလည်မှုကို လွဲမှားစေနိုင်တဲ့ အကြောင်းအရာတွေကို ပုံနှိပ်၊ ထုတ်ဝေဖြန့်ချိခဲ့ကြောင့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/451414507_400373933036366_7588033397882647700_n.jpg)
အဲဒါကြောင့် ဥပဒေစည်းကမ်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့ “ကျွန်တော့ နှလုံးသားထက်မှာ လိပ်ပြာ တစ်ကောင် ခိုနားနေသည်”၊ “1500 Miles to You” ၊ “အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ”၊ “မေတ္တာနှောင်သီ ချစ်ကြိုးချည်”၊ “Match Made in Clouds”၊ “DISO”+Extra နဲ့ “သက်ဆိုင်သူ ဦးဝေ” စတဲ့ စာအုပ် ၇ အုပ် ပုံနှိပ်သူ နဲ့ ထုတ်ဝေသူတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းက လုပ်ငန်းအသိအမှတ်ပြု လက်မှတ်တွေကို ရုပ်သိမ်းတာ၊ တရားမဝင် ထုတ်ဝေစာအဖြစ် ထုတ်ပြန်ကြေညာတာနဲ့ ဥပဒေနဲ့အညီ တရားစွဲဆိုတာတွေကို ဆောင်ရွက်နေတယ်လို့ ကြေညာချက်အရ သိရပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/457014079_398237266627090_5170922349905711990_n.jpg)
ညစ်ညမ်းစာတွေ မဖော်ပြဖို့ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမှာ စည်းကမ်းချက်တွေ ထုတ်ပြန်ထားတာ ကြောင့် ဖောက်ဖျက်ကျူးလွန်တာတွေ့လို့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်တာ ဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာနက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
![](https://onenewstvchannel.com/wp-content/uploads/2025/01/435324275_342374302149351_3275373248046611126_n.jpg)
ညစ်ညမ်းစာတွေကို ဖော်ထုတ်အရေးယူနေတာ ရှိသလို တစ်ဖက်မှာလည်း ရသစာပေတွေ၊ ဘဝတိုးတက်ရေးစာ ပေတွေနဲ့ ဉာဏ်ပညာကို အားပေးတဲ့ စာပေတွေ များများထွက်နိုင်အောင် အားပေးမြှင့်တင်တာတွေကို ဆောင်ရွက် ပေးဖို့ လိုအပ်တယ်လို့လည်း ရန်ကုန်မြို့မှာ နေထိုင်တဲ့ စာပေဖတ်ရှုူသူ လူငယ်တစ်ယောက်က ပြောပါတယ်။ဒါ့ကြောင့် ပုံနှိပ်သူနဲ့ ထုတ်ဝေသူတွေအနေနဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြဖို့ နဲ့ ဥပဒေပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်ပြီး ပုံနှိပ်၊ ထုတ်ဝေတာတွေကို ပြုလုပ်ရင် ဥပဒေနဲ့အညီ တရားစွဲဆို အရေးယူသွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။