ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းမှာ ဒီဇင်ဘာ ၃၀ ရက်၊ မနက်ပိုင်းက ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူ အချို့ ရှိခဲ့တယ်လို့ အခင်းဖြစ်ရပ်ကွက် နေထိုင်သူတွေဆီက သိရပါတယ်။

စမ်းချောင်းမြို့နယ်၊ ကျွန်းတော(အလယ်) ရပ်ကွက်၊ ဖျာပုံလမ်းရှိ ဆေးခန်းတစ်ခုရှေ့ မီးစက်တွေ ထားတဲ့နေရာ အနီးမှာ မနက် ၉ နာရီကျော်အချိန်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မော်တော်ယာဉ် နှစ်စီး နဲ့ မီးစက် နှစ်လုံး တို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မနက် ၁၁ နာရီခွဲအချိန် ကျွန်းတော(အလယ်) ရပ်ကွက်၊ ဖျာပုံလမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အနီး မှာ ဒုတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အရပ်သား ပြည်သူ သုံးယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး မော်တော်ယာဉ် တစ်စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ အခင်းဖြစ်ရပ်ကွက်အတွင်း နေထိုင်သူတစ်ယောက်က ပြောပါတယ်။

အခင်းဖြစ်ပြီးနောက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကာ ဖောက်ခွဲမှု ပြုလုပ်သူတွေ ကို စုံစမ်းဖော်ထုတ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ