နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ထိုက်သူပန်အာဟာရဒါနရဲ့နေ့စဉ်စတုဒိသာကျွေးမွေးလှူဒါန်းမှုမှာ လာရောက် စားသုံးသူတွေဟာ အရင်ထက် ပိုမိုများပြားလာတယ်လို့ ထိုက်သူပန်အာဟာရဒါနမှ တာဝန်ခံ မခိုင်မွန်ကျော်က ပြောပါတယ်။

အခုလက်ရှိမှာ ကုန်ဈေးနှုန်းမြင့်တက်မှုနဲ့ စားဝတ်နေရေး အခက်အခဲလေးတွေကြောင့် အရင်က အိမ်ထောင်စုဝင် (၆)ယောက်ရှိရင် တစ်ယောက်လောက်သာ လာရောက်စားသုံးခဲ့ပေမယ့် လက်ရှိမှာတော့ မိသားစုဝင်အကုန်နီးပါး လာရောက်စားသုံးကြတဲ့အတွက် အရင်ထက်ပိုမိုများပြားလာတာဖြစ်တယ်လို့ မခိုင်မွန်ကျော်က ပြောပါတယ်။

ထိုက်သူပန်အာဟာရဒါနကျွေးမွေးလှူဒါန်းမှုအနေနဲ့ နေ့စဉ် မနက်စောစောအဆာပြေစာနဲ့ ညနေစာ ထမင်းဟင်း လျာငါးပိတို့စရာ၊ အရည်သောက်တွေနဲ့ စုံစုံလင်လင်ကျွေးမွေးလှူဒါန်းပေးနေပြီး အခုလိုလှူဒါန်းပေးနေတာဟာ (၄)နှစ်ကျော်လောက် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။စားဝတ်နေရေးအခက်အခဲဖြစ်နေပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေချိန်မှာ အခုလို ကုသိုလ်ယူကျွေးမွေးလှူဒါန်းပေး တဲ့အတွက် ဝမ်းသာရပြီး အခုလို အလှူရှင်တွေလည်း များများပေါ်ထွက်လာစေချင်တယ်လို့ စတုဒိသာ လာရောက် စားသုံးသူအချို့က ပြောပါတယ်။

ထိုက်သူပန်အာဟာရဒါနကနေ စတုဒိသာကျွေးမွေးလှူဒါန်းတာတွေအပြင် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုပါ ဖွင့်လှစ်ပြီး ကျန်းမာရေးကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးတာ၊ ကျောင်းဖွင့်ရာသီမှာ ကျောင်းသား/ ကျောင်းသူတွေကို ကျောင်းသုံးပစ္စည်းတွေ လှူဒါန်းပေးတာ၊ သက်မွေးဝမ်းကျောင်း အတတ်ပညာတွေ သင်ကြား ပေးတာ အပါအဝင် အခြားအလှူတွေကိုလည်း လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။