အခုလတ်တလော ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်ထုတ်ယူ လွှဲပြောင်းခံရတဲ့ KBZ Pay အသုံးပြုသူ ၃၁ ယောက် အတွက် ငွေကြေးဆုံးရှုံးမှု မရှိစေဖို့ ကြိုတင်အစားထိုး စိုက်ထုတ်ပေးနေတယ်လို့ KBZ Pay က ဇန်နဝါရီ ၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ ဘဏ်နဲ့ မိုဘိုင်းငွေကြေး ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ ဆက်စပ် ဆောင်ရွက်ရတဲ့ မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုပေးသူတွေကတစ်ဆင့် သူတို့ရဲ့ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူတွေရဲ့ စနစ်ကို နည်းပညာနဲ့ ဖောက်ထွင်းယူပြီး သုံးစွဲသူတွေရဲ့ မိုဘိုင်းငွေကြေးတွေကို ဖောက်ထွင်းရယူကာ လိမ်လည် တာတွေ ဆောင်ရွက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။KBZ Pay ကနေ ဆက်လက်စုံစမ်းစစ်ဆေးရာမှာလည်း ဖုန်းဟန်းဆက်ပြောင်းလဲတဲ့ (Device Change) လုပ်ငန်း စဉ်ကိုသာ သက်ရောက်မှုရှိပြီး အဲဒီ ဖြစ်စဉ် ၃၁ ခုမှာ တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အခုအခါ အချို့ အော်ပရေတာတွေရဲ့ ဖုန်းဟန်းဆက်ပြောင်းလဲမှုတွေကို ခေတ္တရပ်တန့်ပြီး စနစ်ထိန်းသိမ်းမှုတွေကို ပြုလုပ်နေကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်မှာ ဖုန်းဟန်းဆက်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို ပြန်လည်စတင် အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။KBZ Pay အနေနဲ့ မိုဘိုင်းငွေကြေး လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကို အစဉ်တစိုက် လုပ်ဆောင်နေပြီး Mobile Network Operator တွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီး စုံစမ်းစစ်ဆေးနေစဉ်ကာလ အတွင်း အသုံးပြုသူ ၃၁ ယောက်ရဲ့ ငွေကြေးဆုံးရှုံးမှု မရှိစေဖို့ KBZ Pay ကနေ ကြိုတင်အစားထိုး စိုက်ထုတ်ပေးမှု တွေကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က စတင်ဆောင်ရွက်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် မိုဘိုင်းငွေကြေးတွေကို လိမ်လည်မှုဆောင်ရွက်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေကို စိစစ်ဖော်ထုတ်နေ ပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေး အရှိန်မြှင့် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အသိပေးကြေညာထားပါတယ်။