ဧပြီ ၂၁ ရက်မှာ မြေငလျင်ကြီးမားစွာ လှုပ်ခတ်မယ်ဆိုပြီး Tiktok အကောင့်ကတစ်ဆင့် မဟုတ်မမှန် သတင်း အမှားတွေ ဖြန့်ဝေနေတယ်ဆိုတဲ့ John(Palmistry)အကောင့်ပိုင်ရှင် ဂျွန်မိုးသဲကို ဧပြီ ၂၂ ရက်မှာ ဖမ်းဆီးရမိခဲ့ တယ်လို နစကသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။သူ့ကို မုံရွာမြို့၊ မြဝတီရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရပ်၊ နယ်မြေ(၂၁)၊ ရွှေညောင်ပင်လမ်းက နေအိမ်မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စိစစ်ဖော်ထုတ်ချက်တွေအရ သူဟာ ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်က မုံရွာမြို့ပေါ်က ဆန္ဒပြပွဲတွေမှာ လိုက်ပါဆောင်ရွက်ခဲ့ တာကြောင့် မုံရွာနယ်မြေရဲစခန်းက ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူမှုကို ခံခဲ့ရပေမဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်ဖြစ်တာကြောင့် မိဘအုပ်ထိန်းမှုအောက်မှာ ကောင်းမွန်စွာနေထိုင်ဖို့ မုံရွာခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။အဲဒီနောက် KNDO တပ်ရင်း(၆)ကို သွားရောက်ပြီး သင်တန်းတက်ကာ အွန်လိုင်းကနေတစ်ဆင့် အလှူငွေ ကောက်ခံထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိ နေထိုင်ချိန် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)/ ၅၂(က)တို့နဲ့ ထပ်မံ အမှုဖွင့်ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှာ မုံရွာခရိုင်တရားရုံးက ထောင်ဒဏ်၂ နှစ်ချမှတ်ခဲ့တာကြောင့် မန္တလေးမြို့ရှိ လူငယ်ထိန်းသိမ်းရေးသင်တန်းကျောင်းမှာ ထိန်းသိမ်းစောင့်ရှောက်တာ ခံရကာ ၂၀၂၃ ခုနှစ်၊ ဇွန်လ မှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂျွန်မိုးသဲအနေနဲ့ ဗေဒင်လက္ခဏာပညာကို အသုံးချပြီး မြေငလျင်နဲ့ပတ်သက်တဲ့ပို့စ်တွေကို အများပြည်သူ အထိတ် တလန့်ဖြစ်စေဖို့ ရည်ရွယ်ပြီး မဟုတ်မမှန် ရေးသားဖော်ပြခဲ့ကြောင်း စိစစ်တွေ့ရှိရတဲ့အတွက် ဥပဒေအရ ထိထိ ရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။နောင်ကို အလားတူ မဟုတ်မမှန်သတင်းအမှားတွေကို ရေးသားဖြန့်ဝေတဲ့သူတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်သလို ပြည်သူတွေအနေနဲ့လည်း သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ သတင်းအမှားတွေကို မယုံကြဖို့နဲ့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အချိန်နဲ့တစ်ပြေးညီ တိကျစွာ ထုတ်ပြန်ပေးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။