မန္တလေးငလျင်ကြီးဒဏ်ကို ခံစားခဲ့ရတဲ့ဒေသတွေက မသန်စွမ်းသူ တစ်ထောင်ကျော်ကို ထောက်ပံ့ကြေး ပေးအပ်ခဲ့ တယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်၊၊ ထောက်ပံ့ကြေးပေးအပ်ပွဲကိုတော့ မေလ ၁၂ ရက် မွန်းတည့် ၁၂ နာရီအချိန်က ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တာပါ၊၊

မန္တလေးငလျင်ကြီးကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မသန်စွမ်းသူ ၁၁၆၇ ယောက် ငလျင်ဘေးခံစားခဲ့ရပြီး သဘာဝဘေး ကြုံတွေ့ချိန်မှာ မသန်စွမ်းသူတွေက ပိုမိုထိခိုက်လွယ်တဲ့အခြေအနေ ရှိသူတွေဖြစ်ပါတယ်၊၊ အဲဒါကြောင့် လတ်တလော သက်သာချောင်ချိရေး တစ်စိတ်တစ်ပိုင်း အထောက်အပံ့ဖြစ်စေဖို့အတွက် ငလျင်ဘေးခံစားခဲ့ရတဲ့ မသန်စွမ်းသူတွေကို အထူးအခြေအနေတစ်ရပ်အဖြစ် ထောက်ပံ့ရတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြောပါတယ်၊၊

ဒါ့အပြင် ပြန်လည်ထူထောင်ရေးဦးစီးဌာနအနေနဲ့ မသန်စွမ်းသူတွေရဲ့ အခွင့်အရေးများဆိုင်ရာ သဘာဝဘေးနဲ့ တခြားအရေးပေါ်အခြေအနေ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး မသန်စွမ်းသူတွေအတွက် ဘေးအန္တရာယ် စီမံခန့်ခွဲမှုနဲ့ ကယ်ဆယ်ရေးစံလုပ်ငန်းစဉ်ကိုလည်း ပြုစုရေးဆွဲနေတယ်လို့ သိရပါတယ်၊၊