ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကမာကလွန်းကျေးရွာရှိ ဘုန်ကြီးကျောင်းတစ်ကျောင်းမှာ ဇန်နဝါရီ ၇ ရက်၊ မနက်ပိုင်းက သင်္ကန်းတွေ၊ ခေါင်းအုံးတွေ၊ ထီးတွေ အလိုအလျောက် မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် သက်ဆိုင်ရာက စုံစမ်းစစ်ဆေးစောင့်ကြည့်မှုတွေ ပြုလုပ်နေတယ်လို့ ကွမ်းခြံကုန်းမြို့နယ်က မုဒိတာ လူမှုကူညီ ရေးအသင်းက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အဲဒီ မီးလောင်မှုကတော့ ရွာဦး အေးစေတီဘုန်းကြီးကျောင်းမှာ ဆွမ်းစားဆောင်အတွင်းရှိ သံဘီရိုအပေါ်ဆုံးထပ် မှာ ထီး၊ သင်္ကန်းပဋိပက္ခရာတွေ၊ ပရဆေးအချို့နဲ့ စိုက်ပျိုးရေးသုံး အပင်အားဆေးတွေ ရောနှောထားရှိရာက မီးခိုးတွေ ထွက်လာပြီး သင်္ကန်းတွေ မီးကျွမ်းနေတာကို တွေ့ရကြောင်း၊ မီးလောင်တဲ့ သင်္ကန်းတွေကို စွန့်ပစ်ပြီး ကောင်းမွန်တဲ့ သင်္ကန်းတွေကို ကိုရင်တစ်ပါးက လဲလှယ်ဝတ်ဆင်တာ၊ နေပူလှန်းတာတွေ ဆောင်ရွက်စဉ်မှာလည်း မီးလောင်ကျွမ်းတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။အဲဒီနောက် ဇန်နဝါရီ ၇ ရက်၊ ညနေပိုင်းမှာလည်း ဘုန်းကြီးကျောင်းမှာရှိတဲ့ ဆန်ခါခုံး(ဇဂါဂုန်း)ပါ မီးလောင်ခဲ့တာ ကြောင့် သက်ဆိုင်ရာ မီးသတ်အပါအဝင် အုပ်ချုပ်ရေးအဖွဲ့တွေက စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေရတယ်လို့ သိရ ပါတယ်။

အခု အလိုအလျောက်မီးလောင်မှုဖြစ်ပွားတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ အခင်းဖြစ်နေရာကို သွားရောက်ကူညီခဲ့တဲ့ မုဒိတာ လူမှုကူညီရေးအသင်းက တာဝန်ရှိသူတစ်ယောက်က အခုလို ပြောပါတယ်။ ဖြစ်စဉ်အပေါ် မီးသတ်အပါအဝင် ပူးပေါင်းအဖွဲ့ရဲ့ လတ်တလော စစ်ဆေးချက်တွေ့ရှိချက်တွေအရ ပရဆေးတွေ၊ စိုက်ပျိုးရေးသုံး အပင်အားဆေးတွေနဲ့ မီးလောင်လွယ်တဲ့ စီဝိုင်စီတက်ထရွန်သင်္ကန်းတွေ ထိတွေ့ရာကနေ မီးလောင်ကျွမ်းခဲ့တာလို့ သိရကြောင်း ကွမ်းခြံကုန်းမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။