လက်ရှိအချိန်ကာလမှာ ကုန်ဈေးနှုန်းတွေမြင့်တက်ပြီး စားဝတ်နေရေးအခက်အခဲကြုံတွေ့နေရသူတွေအတွက် ၉၀၀ ကျပ်တန် တန်ဖိုးနည်းထမင်းနဲ့ဟင်းကိုရောင်းချပေးနေတဲ့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်ရှိ ငွေလဝန်းထမင်းဆိုင်မှာ အပတ်စဉ် ကြာသပတေးနေ့တိုင်း အခမဲ့စတုဒိသာထမင်းဟင်းတွေ ကျွေးမွေးလှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
အပတ်စဉ် ကြာသပတေးနေ့တိုင်း ၊မနက်(၈)နာရီကနေ နေ့လယ်(၁၂)နာရီအထိ အခမဲ့စတုဒိသာ ထမင်းနဲ့ဟင်းတွေ ကျွေးမွေးလှူဒါန်းနေတာဖြစ်ပြီး ဘယ်သူမဆို လာရောက်စားသုံးနိုင်တယ်လို့ဆိုပါတယ်။
လှူဒါန်းရာမှာ အလှည့်ကျအလှူရှင်တွေရှိသလို အလှူရှင်တွေမရှိတဲ့ရက်မှာလည်း ထမင်းဆိုင်ပိုင်ရှင်က လှူဒါန်းပေးနေတယ်လို့သိရပါတယ်။ အလှူရှင်တွေအနေနဲ့ လှူဒါန်းလိုတယ်ဆိုရင် ထမင်းတစ်ပွဲကို တစ်ထောင်ကျပ်နှုန်းနဲ့ ကိုယ့်လှူချင်တဲ့ အရေအတွက်နဲ့ လှူဒါန်းနိုင်တယ်လို့ ငွေလဝန်းထမင်းဆိုင်ပိုင်ရှင် မလုလုကပြောပါတယ်။
ငွေလဝန်းထမင်းဆိုင်အနေနဲ့ တခြားရက်တွေမှာတော့ တန်ဖိုးနည်းအနေနဲ့ ထမင်းသီးသန့်(၄၀၀)ကျပ်နဲ့ ဟင်းသီးသန့်(၅၀၀) စုစုပေါင်း(၉၀၀)ကျပ်နဲ့အခက်အခဲရှိနေတဲ့ အခြေခံအိမ်ထောင်စုတွေကို ရောင်းချပေးနေတာဖြစ်ပါတယ်။ အဲဒီတန်ဖိုးနည်းထမင်းဆိုင်ကိုတော့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် ဓမ္မစိန္တာလမ်းအနီးမှာ ဖွင့်လှစ်ထားတယ်လို့သိရပါတယ်။