နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတွေကို ဓာတ်အားစနစ်နဲ့ချိတ်ဆက်တာတွေအပြင် ဝေးလံတဲ့ ကျေးလက်ဒေသတွေအတွက် ဓာတ်အားစနစ်ပြင်ပ သီးခြားဆောင်ရွက်နိုင်ဖို့အတွက်လည်း လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်၊၊

မတ်လ ၆ရက် မွန်းလွဲပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်အစည်းအဝေးမှာ ပြောကြားခဲ့တာပါ၊၊ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တင်သွင်းလာတဲ့ ပစ္စည်းတွေရဲ့ အရည်အသွေး ကောင်းမွန်တာ ရှိ၊ မရှိ၊ ပြည်တွင်းနဲ့ နိုင်ငံတကာမှာ သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိ စစ်ဆေးကြပ်မတ်ဖို့ လိုအပ်သလို ပစ္စည်းတွေတပ်ဆင်တာ၊ ဓာတ်အားထုတ်ယူသုံးစွဲတာတွေကိုလည်း သတ်မှတ်ထားတဲ့ နည်းပညာပိုင်းဆိုင်ရာ စံပြုလုပ်ငန်းစဉ် စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်၊၊

ပထမအကြိမ် ကော်မရှင်အစည်းအဝေးကျင်းပပြီးချိန်ကစပြီး နိုင်ငံတော် ဓာတ်အားစနစ်ကို ဓာတ်အားအများဆုံး ၅၄၅ မဂ္ဂါဝပ်ပြန်လည်ပို့လွှတ်နိုင်ခဲ့သလို စွမ်းအင်ဝန်ကြီးဌာနရဲ့ အားထုတ် ကြိုးပမ်းမှုတွေကြောင့် ဓာတ်အားထုတ်လုပ်မှုအတွက် ဖြန့်ဖြူးပေးနေတဲ့ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ကို အရင်ခွဲတမ်းထက် တစ်ရက်ကို ကုဗပေ သန်း ၃၀ကို ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက် ဓာတ်အားစနစ်အတွင်း ဓာတ်အားမဂ္ဂါဝပ် ၁၁၀ခန့် ပိုမိုဖြန့်ဖြူးပေးနိုင်ခဲ့တယ်လို့ သိရပါတယ်၊၊ဒါ့အပြင် သဘာဝဓာတ်ငွေ့ဟာ လျှပ်စစ်ကဏ္ဍအတွက် သာမက စက်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍတွေအပါအဝင် ဓာတ်မြေဩဇာထုတ်လုပ်ဖို့အတွက်ပါ အသုံးပြုနေရတဲ့ မဟာဗျူဟာမြောက်လောင်စာဖြစ်တာကြောင့် ပြည်တွင်းသုံး သဘာဝဓာတ်ငွေ့တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ဖို့ စွမ်းအင်ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်ပေးနေတယ်လို့ ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောပါတယ်၊၊