ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအတွက်၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ ငွေကျပ်(၆ ဒသမ ၈၇)ဘီလီယံသုံးစွဲဖို့ လျာထား တယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကနေ သိရပါတယ်။ အဲဒီငွေကျပ်(၆ ဒသမ ၈၇)ဘီလီယံနဲ့ကျေးရွာပေါင်း ၄၅၈ ရွာကို ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင် ပေးသွားမှာပါ။

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ကိုင်မယ့်ကျေးရွာတွေကို ရွေးချယ်ရာမှာ လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ မှု၊ နယ်မြေလုံခြုံတည်ငြိမ်အေးချမ်းမှု၊ ဒေသခံတွေ စိတ်ပါဝင်စားမှု စတာတွေ အပါအဝင် အချက်(၆)ချက်ကို ကြည့်ပြီး ရွေးချယ်တာဖြစ်တယ်လို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက ပြောပါတယ်။မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း(၆၃၀၀၀) ကျော်ရှိပြီး ၃၀ ဒသမ ၈၅ ရာခိုင်နှုန်းခန့်ကို ဖွံ့ဖြိုးရေးစီမံကိန်းတွေ လုပ်ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ကစပြီး အခုအချိန်အထိ ကျေးရွာပေါင်း (၁၉၀၆၁) ရွာကို ပြည်ထောင်စုရန်ပုံငွေကျပ်၂၀၅ ဒသမ ၀၀၈ ဘီလီယံသုံးစွဲကာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အကောင်အထည် ဖော်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်းဆိုတာ ကျေးလက်နေပြည်သူတွေကိုယ်တိုင် မိမိတို့ကျေးရွာရဲ့ ပကတိလိုအပ်ချက် တွေကို ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်တွေကို စနစ်တကျ စုဆောင်းကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေ ရေးဆွဲတာ ဖြစ်ပါတယ်။ အဲဒီဖော်ထုတ်ရရှိတဲ့ စီမံချက်တွေကို ဖွံ့ဖြိုးရေးအစီအစဉ်နဲ့ လူထုကိုယ်တိုင် တိုက်ရိုက် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။