ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၁၃ ရက်၊ မနက်အစောပိုင်း ၁ နာရီလောက်က နွံကန်ပေါက်ကျမှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၅၀ ကျော် နစ်မြုပ် ကာ သေဆုံးသူ ရုပ်အလောင်း ၁၂ လောင်း ရှာဖွေတွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့်မြို့နယ်ကော်မတီကနေ သိရပါတယ်။

အဲဒီ လုပ်ကွက်အတွင်း စွန့်ပစ်မြေစာဖိအားကြောင့် မြေအောက်ကနေ ရွှံ့နွံတွေ ကန်ထွက်ပြီး ပေါက်ကျခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နွံကန်ပေါက်ကျမှုကြောင့် အနီးရှိ နေအိမ် ၅၀ ကျော်လောက် နစ်မြုပ် သွားပြီး ကလေးငယ် ၄ ယောက်ရဲ့ ရုပ်အလောင်း ၄ လောင်းအပါအဝင် စုစုပေါင်း အလောင်း ၁၂ လောင်း ရှာတွေ့ထားတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့-ဖားကန့် မြို့နယ်ကော်မတီက တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။

ဆက်လက်ပြီး နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေနေပြီး လူမှုကူညီရေးအသင်းအဖွဲ့တွေက နွံတွေကို ဘတ်ဟိုးတွေနဲ့ ဖယ်ထုတ်ပြီး အလောင်းတွေ ဆယ်ယူနေတယ်လို့ ဆိုပါတယ်။ဖားကန့်ဒေသမှာ လူအသေအပျောက်အများဆုံးအဖြစ် ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက်တစ်ခု ကမ်းပါးပြိုကျမှုမှာ ရေမဆေး ကျောက်ရှာဖွေသူ ၁၉၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။