ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်လော့(အထက်)ကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဇူလိုင် ၁၅ ရက်၊ မနက်ပိုင်းက ယာဉ်နှစ်စီးတိုက်မိပြီး မီးလောင်မှု ဖြစ်ပွားရာ ကလေးနှစ်ယောက် အပါအဝင် ခြောက်ယောက် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နဲ့ အခင်းဖြစ်ရပ်မှာ သွားရောက် ကူညီ ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေကနေ သိရပါတယ်။
အခင်းဖြစ်စဉ်ကတော့ မိုင်တိုင်အမှတ် ၁၁ / ၄ ဖာလုံ နဲ့ ၅ ဖာလုံကြားမှာ ၁၂ ဘီးကုန်တင်ယာဉ်နဲ့ Toyota Succeed အိမ်စီးကားတို့ တိုက်မိပြီး အိမ်စီးကား မီးလောင်မှု ဖြစ်ကာ ကုန်တင်ယာဉ် တိမ်းမှောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်နေရာကိုတော့ ကျိုင်းတုံမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်နဲ့ မီးငြှိမ်းသတ်ခဲ့သလို ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အိမ်စီးကားပေါ်မှာ ပါတဲ့ ကလေးနှစ်ယောက်အပါအဝင် အမျိုးသားလေးယောက်နဲ့ အမျိုးသမီးနှစ်ယောက်တို့ သေဆုံးခဲ့သလို ကုန်တင်ယာဉ်ပေါ်မှာ ပါတဲ့ ယာဉ်မောင်းနဲ့ စပယ်ယာတို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူရုပ်အလောင်းနဲ့ ထိခိုက်ဒဏ်ရာ ရသူတွေကို လူမှုကူညီရေးအသင်းယာဉ်နဲ့ ကျိုင်းတုံပြည်သူ့ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ-Yan Naing



