ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က DKBA နယ်မြေအတွင်းမှာ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)တွေ ရပ်ဆိုင်းပြိုလဲသွားအောင် တိုက်ဖျက်သွားမယ်လို့ DKBA စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ် စောဆန်း အောင်က One News ကို ပြောပါတယ်။ မြဝတီမြို့နယ်ရှိ ကျောက်ခက်ဒေသအတွင်းက အွန်လိုင်းငွေလိမ်ဂိုဏ်း တွေနဲ့ ကာစီနို လောင်းကစားရုံတွေမှာ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား ၂၆၁ ယောက်ကို ထိုင်းအာဏာပိုင်တွေဆီ DKBA အဖွဲ့က ဖေဖော်ဝါရီ ၁၂ ရက်မှာ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ လွှဲပြောင်းပေးအပ်ခဲ့တဲ့ နိုင်ငံခြားသားတွေထဲ မှာတော့ အီသီယိုးပီးယား၊ ပါကစ္စတန်၊ ကင်ညာ၊ ဖိလစ်ပိုင်၊ လာအိုနဲ့ ဘရားဇီးနိုင်ငံသားတွေ ပါဝင်တယ်လို့ သိရပါ တယ်။

DKBA အဖွဲ့အနေနဲ့ နယ်စပ်ကကျားဖြန့်နှိမ်နင်းရေးမှာ နိုင်ငံတကာနဲ့အတူ ပူးပေါင်းတိုက်ဖျက်သွားမှာဖြစ်ပြီး နောက်ထပ် လူကုန်ကူးခံရသူတွေကို စုံစမ်းဖော်ထုတ်ကာ လွှဲပြောင်းပေးသွားမယ်လို့ ဗိုလ်ချုပ် စောဆန်းအောင်က ပြောပါတယ်။ နောက်ထပ် လူကုန်ကူးခံရတဲ့ နိုင်ငံခြားသားတွေ လွှဲပြောင်းပေးရမှု ရှိလာရင်တော့ လဝက အပါအဝင် သက်ဆိုင် ရာအစိုးရအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ကျားဖြန့်လုပ်ငန်း လုပ်ဆောင်သူတွေဟာ မူလက အွန်လိုင်း ကာစီနိုလောင်းကစားရုံတွေ ဖွင့်လှစ်လုပ်ကိုင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လူကုန်ကူးတာတွေနဲ့ လိမ်လည်တာတွေ ဆောင်ရွက်လာတဲ့အတွက် လုပ်ရပ်တွေအပေါ် လက်မ ခံနိုင်ဘူးလို့လည်း ဗိုလ်ချုပ် စောဆန်းအောင်က ပြောပါတယ်။
ကရင်နယ်ခြားစောင့်တပ်(BGF)ကလည်း ကျားဖြန့်လုပ်ငန်းတွေ၊ လူမှောင်ခိုတွေ ပပျောက်နှိမ်နင်းရေးအတွက် အထူးအဖွဲ့ ၄ ဖွဲ့ကို ဖေဖော်ဝါရီ ၁၂ ရက်က ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို ဖော်ထုတ်ခဲ့ရာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၃ ရက်ထိ နိုင်ငံခြားသား ငါးသောင်းခွဲကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်လည်လွှဲပြောင်းပေးပို့ခဲ့သလို ၂၀၂၂ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ထိ နိုင်ငံခြားသား ၁၃၀၀ နီးပါးကိုလည်း ကူညီစုံစမ်းရှာဖွေပေးကာ သက်ဆိုင်ရာ နိုင်ငံတွေကို လွှဲပြောင်းပေးပြီး ဖြစ်တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။