ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ အလှအပရေးရာ ဆေးခန်းတစ်ခုမှာ ကိုယ်ခန္ဓာ အဆီထုတ်မှုခံယူဖို့ သွားရောက်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ယောက် သေဆုံးခဲ့ပြီး စွန့်ပစ်ထားတဲ့ အလောင်းသာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

အဲဒီ သေဆုံးခဲ့ တဲ့ အမျိုးသမီးဟာ ကျောက်တံတားမြို့နယ်မှာ နေထိုင်ပြီး ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းမှာ အလုပ်ကအပြန် သင်္ဃန်းကျွန်း မြို့နယ်ရှိ IRIS Beauty Clinic မှာ ကိုယ်ခန္ဓာ အဆီထုတ်ဖို့ သွားရောက်ခဲ့ပြီးနောက် မိသားစု၊ မိတ်ဆွေတွေနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့အတွက် သက်ဆိုင်ရာ ရဲစခန်းမှာ လူပျောက်တိုင်တန်းခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီနောက် ခြောက်ရက်အကြာ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်မှသာ ဒဂုံဆိပ်ကမ်းမြို့ နယ် အတွင်း သေဆုံးနေတဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့တာဖြစ်တယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

သေဆုံးသူရဲ့ရုပ်အလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိချိန်မှာတော့ သူဝတ်ဆင်ထားတဲ့ လက်ဝတ်ရတနာတွေကို တွေ့ရှိခဲ့ပေမယ့် လက်ကိုင်ဖုန်းတော့ ရှာမတွေ့ခဲ့ဘူးလို့ ဆိုပါတယ်။ အဲဒီအပြင် သေဆုံးသူအမျိုးသမီးရဲ့ ခန္ဓာကိုယ် အောက်ပိုင်းမှာတော့ ညိုမည်းဒဏ်ရာတွေ တွေ့ရှိရသလို ကျောဘက်မှာလည်း အပေါက်တွေနဲ့ ပလာစတာတွေ ကပ်ထားတာ တွေ့ရှိခဲ့ရတယ်လို့ သေဆုံးသူရဲ့ သူငယ်ချင်းတစ်ယောက်က ပြောပါတယ်။

အခင်းဖြစ်ပွားပြီးနောက် သေဆုံးသူ အမျိုးသမီး သွားရောက်ခဲ့တဲ့ အလှအပရေးရာ ဆေးခန်း IRIS Beauty Clinic ဟာ ပိတ်ထားပြီး ဆိုင်ရှင်အမျိုးသမီးလည်း လူမှုကွန်ရက်အကောင့်တွေကို ပိတ်သိမ်းကာ ထွက်ပြေးတိမ်းရှောင် သွားတယ်လို့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ရဲစခန်းက စုံစမ်းဖော်ထုတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကနေ သိရပါတယ်။