ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ပေါ်ရပ်ကွက်တွေအတွင်း လုံခြုံရေးနဲ့ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ တွေ အယောင်ဆောင်ပြီး နေအိမ်တွေထဲဝင်ကာ ဖုန်းနဲ့ငွေတွေ ခြောက်လှန့်တောင်းယူသူ အမျိုးသား ၈ ယောက်ကို ဖမ်းမိတယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အမှုဖြစ်စဉ်က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခေါ်)တာလေ အပါအဝင် လူ ၈ ယောက်ကို သူတို့ရဲ့ နေအိမ်အသီးသီးကနေ နိုဝင်ဘာ ၃၀ ရက်မှာ ခြောက်လှန့်တောင်းယူမှုတွေ ကျူးလွန်ရာမှာ အသုံးပြုတဲ့ Alphard မော်တော်ယာဉ်တစ်စီး၊ ပစ္စတိုသေနတ်အတို တစ်လက် စတဲ့ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
ဖမ်းမိသူတွေရဲ့ ထွက်ဆိုချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ အယောင် ဆောင်ပြီး လုံခြုံရေးအရ ဧည့်စာရင်း စစ်ဆေးမယ်လို့ အကြောင်းပြကာ နေအိမ်ရှိသူတွေဆီကနေ ဖုန်းမျိုးစုံ ၂၄ လုံး နဲ့ ထိုင်းဘတ်ငွေ ၇၃,၀၀၀ တို့ကို ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြောင်း သိရပါတယ်။
ခြောက်လှန့်တောင်းယူမှုတွေအတွင်း ဖမ်းဆီးဖို့ ကျန်တဲ့ကျူးလွန်သူတွေကို ဖမ်းမိနိုင်ရေး ဆောင်ရွက်နေပြီး ခြောက်လှန့်တောင်းယူခဲ့တဲ့ ဖုန်းတွေနဲ့ ငွေကြေးတွေ သိမ်းဆည်းရမိနိုင်ရေး ဆက်လက်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။