ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ဥက္ကလာပစေတီတော်ကြီး၊ ရှေးဟောင်းခုနစ်ဆူဘုရားနဲ့ အောင်တော်မူစေတီ (၃၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၁ ရက် မွန်းလွဲ ၃ နာရီက မဟာမုနိဓမ္မာရုံနဲ့ သုဒဿနရင်ပြင်မှာ ကျင်းပပါတယ်။

(၃၅)ကြိမ်မြောက်ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ရှေးဟောင်းခုနစ်ဆူဘုရားရုပ်ပွားတော်တွေနဲ့ နှစ်ကျိတ်ရှစ်ဆူမြတ်စွာ ဘုရား ရုပ်ပွားတော်တွေကို ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ တောင်ဥက္ကလာပမြို့နယ်အတွင်းကို ဒေသစာရီ ကြွချီအပူဇော်ခံမှာ ဖြစ်တယ်လို့ ဥက္ကလာပစေတီတော်မြတ်ကြီးဂေါပကအဖွဲရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စန်း က ပြောပါတယ်။ တောင်ဥက္ကလာပမြို့နယ်အတွင်းက ရပ်ကွက်တွေအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ရည်ရွယ်ပြီး အခုလို လှည့်လည်အပူဇော်ခံတာဖြစ်တယ်လို့ ဦးမြင့်စန်းက ဆက်လက်ပြောပါတယ်။

အခုကျင်းပပြုလုပ်တဲ့ ဗုဒ္ဓပူဇနိယပွဲတော်က ရရှိတဲ့အလှူငွေတွေကို ဥက္ကလာပစေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်တာနဲ့ ဘက်စုံလုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။သင်္ဃန်းကျွန်းခရိုင်လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကိုလည်း ဇန်နဝါရီ လ ၁၁ရက်နေ့ မွန်းလွဲ ၃ နာရီက ဥက္ကလာပစေတီတော်ကြီးဝင်းထဲမှာရှိတဲ့ မဟာမုနိဓမ္မာရုံနဲ့ စေတီတော်ရင်ပြင်မှာ ကျင်းပပါတယ်။ရှေးဟောင်းခုနစ်ဆူဘုရားနဲ့ အောင်တော်မူစေတီတော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၇၀၀ ကျော် ဟံသာဝတီမင်းများ လက်ထက်က မွန်ဘုရင်တွေ တည်ထားကိုးကွယ်ခဲ့တာဖြစ်ပြီး ဥက္ကလာပစေတီတော်ကိုတော့ ၁၉၉၀ ပြည့်နှစ်မှာ တည်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။