ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်မှာ မွေးစားမိဘတွေရဲ့ အဓမ္မပြုကျင့် နှိပ်စက်ခံခဲ့ရတဲ့ အသက် ငါးနှစ် အရွယ် မိန်းကလေးငယ်ဟာ တောင်ငူပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် ဒီဇင်ဘာ ၂၇ ရက်၊ မနက်ပိုင်းက သေဆုံးသွားတယ်လို့ အမှုမှာ ကူညီဆောင်ရွက်ပေးနေတဲ့ Save The Trees Rescue Team အဖွဲ့မှ ကိုကျော်သူရက One News ကို ပြောပါတယ်။

သေဆုံးခဲ့တဲ့ မိန်းကလေးငယ်ဟာ နှိပ်စက်ခံရတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် တောင်ငူဆေးရုံမှာ အ ခုနှစ် ဩဂုတ်လလောက်က စပြီး လေးကြိမ် တက်ရောက် ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ကလေးငယ်သေဆုံးရတာဟာ အရင်နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ နဲ့ အဓမ္မပြုကျင့်ခံထားရတဲ့ ဒဏ်ရာ တွေကြောင့် ခန္ဓာကိုယ်တွင်း ကလီစာတွေ မကောင်းတဲ့အတွက် သေဆုံးရတာ ဖြစ်နိုင်ပြီး အသေးစိတ်ကို တော့ မှုခင်းဆရာဝန်ရဲ့ ရင်ခွဲစစ်ဆေးချက်ရမှ သိနိုင်မယ်လို့ ကိုကျော်သူရက ပြောပါတယ်။
သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ နာရေးကိုတော့ ဒီဇင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းကပဲ တောင်ငူမြို့ ခရစ်ယာန် သုဿာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးငယ်အမှုမှာ ကျူးလွန်သူ မွေးစားမိဘနှစ်ယောက်ကို ထပ်တိုးပုဒ်မတွေနဲ့ ထိရောက် တဲ့ ပြစ်ဒဏ် ပေးရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ကိုကျော်သူရက ပြောပါတယ်။
လက်ရှိမှာတော့ ကလေးငယ်ရဲ့ အမှုနဲ့ပတ်သက်လို့ တောင်ငူခရိုင်တရားရုံးမှာ မွေးစားမိဘနှစ်ယောက်ကို မုဒိမ်းမှု အပါအဝင် ပုဒ်မသုံးခု နဲ့ တရားစွဲဆို တင်ပို့ထားပြီး တရားလိုပြသက်သေတွေကို စစ်ဆေး နေတယ် လို့ သိရပါတယ်။