ရန်ကုန်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက်မှ အလိုတော်ပြည့်ဆရာတော်ကြီးရဲ့ လက်ထောက်တပည့်ရင်း ဆရာတော် အသျှင်ကုမာရ ဦးဆောင်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှ ဗုဒ္ဓဘာသာရဟန်း သံဃာတော်အပါး(၇၅၀)ကို နေ့ဆွမ်းကပ်တာနဲ့ ဆွမ်းဆန်းစိမ်းလောင်းလှူပွဲကြီး ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။

ဘန်ကောက်မြို့၊ မဟာချူလာလောင်ကွန်းတက္ကသိုလ်မှာ (PhD, MA , BA) ဘွဲ့တွေ ရယူနိုင်ဖို့ ပညာသင်ကြားနေတဲ့ နိုင်ငံတကာက ဗုဒ္ဓဘာသာရဟန်း သံဃာတော်အပါး(၇၅၀)ကို စက်တင်ဘာလ(၁၇)ရက်မှာ ဆရာတော်အသျှင်ကုမာရ ဦးဆောင်ပြီး ထိုင်းနိုင်ငံကအလှူရှင်တွေ၊ မြန်မာနိုင်ငံကအနုပညာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့အတူ ပူးပေါင်းလှူဒါန်းသွားမှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာတော့ထိုင်းနိုင်ငံက အလှူရှင်တွေနဲ့အတူ မြန်မာနိုင်ငံက အနုပညာရှင်ဖြစ်တဲ့ သရုပ်ဆောင်နေတိုး၊ ဆုပန်ထွာ၊ သက်ထားစုစံအပါအဝင် အနုပညာရှင်တွေရဲ့လာရောက်လှူဒါန်းမှုတွေလည်း ရှိနေတယ်လို့ ဆရာတော်အသျှင်ကုမာရကမိန့်ပါတယ်။

အလိုတော်ပြည့်ဆရာတော်ကြီးကို ဦးထိပ်ထားပြီး အလိုတော်ပြည့်ဆရာတော်ကြီးနဲ့ ဆရာတော်အသျှင်ကုမာရတို့ရဲ့ ကွယ်လွန်သွားပြီးဖြစ်ကြတဲ့ ဖခမည်းတော်၊ မယ်တော်နဲ့ဆွေတော်မျိုးတော်တွေကိုရည်စူးပြီး အခုလိုလှူဒါန်းဖြစ်တာလို့မိန့်ပါတယ်။
အလိုတော်ပြည့်ကျောင်းတိုက်(ရန်ကုန်)မှာလည်း ဆရာတော် အသျှင်ကုမာရဦးဆောင်ပြီး အနုပညာရှင်တွေနဲ့ အလှူရှင်တွေစုပေါင်းကာ သံဃာတော်တွေနဲ့သီလရှင်တွေ၊ အနှေးယာဉ်မောင်းလုပ်သားတွေနဲ့ အခြေခံအိမ်ထောင်စုတွေကို စားသောက် ကုန်တွေနဲ့ ဆေးဝါးတွေကို မကြာခဏလှူဒါန်းပေးနေတယ်လို့သိရပါတယ်။