ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲ ရကြောင်းနဲ့ တောင်းပန်ကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပေးပို့လာတဲ့ လျှောက်ထား လွှာကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဖတ်ကြား လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ဇွန်လ ၂၄ ရက်က ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကို သွားရောက်ပြီး ဆရာတော်ကြီး တွေကိုတွေ့ဆုံကာ နစက ဥက္ကဋ္ဌရဲ့ တောင်းပန်လျှောက်ထားလွှာကို ဖတ်ကြားလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
တောင်းပန်လျှောက်ထားလွှာထဲမှာတော့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကြီးရဲ့ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ပျံလွန်တော်မူခဲ့တာနဲ့ ပတ်သက်ပြီး ဘုရားတပည့်တော်တို့အနေနဲ့ များစွာ ဝမ်းနည်းကြေကွဲ ပါကြောင်း ရိုသေလေးမြတ်စွာ လျှောက်ထားအပ်တယ်လို့ ဦးစွာလျှောက်ထားပါတယ်။
ဆရာတော်ကြီး စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ သာသနာရေးနဲ့ သက်ဆိုင်တဲ့ အမှတ်အသား မပါရှိတဲ့ အရပ်ယာဉ်ဖြစ်ပြီး အရှိန်ပြင်းစွာ မောင်းနှင်လာတဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ စစ်ဆေးဖို့၊ မှန်ချ မောင်းဖို့နဲ့ ရပ်တန့်ဖို့ တားဆီးဆောင်ရွက်ခဲ့ပေမယ့် ဆက်လက်မောင်းနှင်သွားတဲ့အတွက် ပစ်ခတ်မှုတွေ ဆောင်ရွက်ခဲ့ရတာကြောင့် ဆရာတော်ကြီးကိုထိမှန်ပြီး ဘဝနတ်ထံ ပျံလွန်တော်မူသွားတာကို ဝမ်းနည်းဖွယ် သိရှိရတယ်လို့လည်း လျှောက်ထားလွှာမှာ ဖော်ပြထားကြောင်း သိရပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်ပြီးလည်း အဆင့်မြင့်အရာရှိကြီးတွေ ပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ဖော်ထုတ် ဆောင်ရွက်နေကာ ဖော်ထုတ်ချက်တွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို အလေးထား လုပ်ဆောင်သွားမယ် လို့လည်း လျှောက်ထားလွှာမှာ ဖော်ပြထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ရဲ့ ဖတ်ကြား လျှောက် ထားချက်အရ သိရပါတယ်။
ဝင်းနိမ္မိတာရုံ ကျောင်းတိုက်ဆရာတော်ကြီးရဲ့ အန္တိမအဂ္ဂိ ဈာပနကိုတော့ ဇွန်လ ၂၇ ရက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
