ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ကျွင်းကျန်ရစ်တဲ့ အရိုးပြာ တွေကို ဇွန်လ ၂၈ ရက်၊ နေ့လယ်ပိုင်းမှာ စစ်တောင်းမြစ်အတွင်း ရေမျှောပူဇော်ခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးရဲ့ အရိုးပြာအိုးကိုတော့ နေ့လယ်ပိုင်းမှာ ဝင်းနိမ္မိတာရုံကျောင်းတိုက်ကတစ်ဆင့် ကရဝိက် ဖောင်တော်နဲ့ ပင့်ဆောင်ပြီး သိမ်ဇရပ်အပိုင်း စစ်တောင်းမြစ်အတွင်း ရေမျှောပူဇော်ခဲ့တာ ဖြစ်ပါတယ်။

အန္တိမအဂ္ဂိဈာပနကိုတော့ ဇွန်လ ၂၇ ရက်က ကျင်းပခဲ့ပြီး ပဲခူးမြို့ ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်မှာ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်တော်ကို မီးပူဇော်ခဲ့ကြပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးနဲ့ ကန်သုံးဆင့်ဆရာတော်ကြီးတို့ လိုက်ပါလာတဲ့ မော်တော်ယာဉ်ဟာ ဇွန်လ ၁၉ ရက် မနက် ၁၀ နာရီကျော်အချိန်က မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာရွာနဲ့ ပန်းချီ ကမ္မရွာ ကြားမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရပြီး ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ရသလို ကန်သုံးဆင့်ဆရာတော် ကြီးနဲ့ ယာဉ်မောင်းတို့ ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။