ရန်ကုန်မြို့က ရွှေတိဂုံစေတီတော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက် တပို့တွဲ လဆန်း ၁၄ ရက် (အဖိတ်နေ့) ညနေ ၃ နာရီ မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့ကနေ သိရပါတယ်။
ထမနဲထိုးပြိုင်ပွဲကို ရွှေတိဂုံစေတီတော်ရဲ့ ဘာသာရေးအသင်းအဖွဲ့တွေ၊ ဝတ်အသင်းအဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဖေဖော်ဝါရီလ ၂၄ ရက် တပို့တွဲလပြည့်နေ့ မနက် ၅ နာရီခွဲမှာ ရွှေတိဂုံစေတီတော်ကြီးကို ထမနဲဆွမ်းတော် ကြီး ကပ်လှူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ထမနဲ တစ်ဒယ်ကို ငွေကျပ် ၆၅၀၀၀ နဲ့ လှူဒါန်းနိုင်ပြီး ဒယ်အလိုက်လှူရင် ဂေါပကအဖွဲ့က ထမနဲ ၄ ပုံ ၁ ပုံကို အလှူရှင်တွေအတွက် လက်ဆောင်ပြန်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် တပို့တွဲလပြည့်နေ့အတွက် သစ်သီးဆွမ်း၊ မုန့်ဆွမ်း၊ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ပါဝင်လှူဒါန်းချင်ရင် လည်း အဖိတ်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၃ ရက် ညနေပိုင်းမှာ ချမ်းသာကြီးတန်ဆောင်းကို ပေးပို့လှူဒါန်းနိုင်ပြီး ဘုရားဖူးပြည်သူတွေ ပါဝင်လှူဒါန်းနိုင်ဖို့ ဂေါပကအဖွဲ့က အလှူခံဌာနလည်း ဖွင့်လှစ်ပေးထားတယ်လို့ သိရပါတယ်။