လတ်တလော ရေဘေးကြုံတွေ့နေကြရတဲ့ပြည်သူတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုထောက်ပံ့လှူဒါန်းနိုင်ဖို့ တေးသံရှင်ပိုင်သက်ကျော်၊ မေသက်ထားဆွေ၊ Grade မတ္တရာအနုပညာအဖွဲ့၊ မေ့ချစ်သက်၊ ညောင်တုန်းဌေးဝင်း၊ တေးသံရှင်အောင်သူရဲ့သားသျှဏ်ရဲနောင်၊ ချိုမိုင်မိုင်သီချင်းနဲ့နာမည်ကြီးနေတဲ့ အေးမြတ်မွန်တို့အပါအဝင် မြန်မာသံတေးသီချင်းသီဆိုတဲ့အဆိုတော်တွေက တေးသီချင်းတွေနဲ့ကုသိုလ်ယူသီဆိုဖျော်ဖြေပြီး အလှူငွေရရှိရေးလုပ်ဆောင်ခဲ့ကြပါတယ်။
အလှူငွေရရှိရေးအတွက် သီဆိုဖျော်ဖြေတာကို စက်တင်ဘာလ(၂၂) ရက် မနက်ပိုင်းက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အိမ်တော်ရာဘုရားဝင်းအတွင်းရှိ မတ္တရာပရိယတ္တိ စာသင်တိုက်ဝင်းထဲမှာပြုလုပ်ခဲ့တာပါ။


သက်တော်(၅၉)နှစ်မြောက် ဝိဇာတမွေးနေ့မင်္ဂလာပွဲကျင်းပပြုလုပ်လှူဒါန်းဖြစ်နေတဲ့အချိန်နဲ့တိုက်ဆိုင်နေတာကြောင့် ရေဘေးအလှူအတွက်ငွေကျပ်(၁၀)သိန်းမတည်လှူုဒါန်းဖြစ်ခဲ့တယ် လို့ ပရဟိတလုပ်ငန်းတွေကို ဦးဆောင်လုပ်ကိုင်နေတဲ့ မတ္တရာပရိယတ္တိကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသကမိန့်ပါတယ်။
အားပေးနေတဲ့ပြည်သူတွေ အခုလိုအခက်အခဲရှိလာတဲ့အခါမှာ အနုပညာရှင်တွေအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ တတ်စွမ်းသမျှအနုပညာတွေနဲ့ဝိုင်းဝန်းကူညီလုပ်ဆောင်တာဖြစ်တယ်လို့လည်း တေးသံရှင်ပိုင်သက်ကျော်ကပြောပါတယ်။
အဲဒီတေးသီချင်းတွေနဲ့ကုသိုလ်ယူသီဆိုဖျော်ဖြေပွဲကို မတ္တရာဆရာတော်နဲ့အတူအခြားအလှူရှင်တွေ၊ အနုပညာရှင်တွေကလည်းအလှူငွေတွေလာရောက်လှူဒါန်းခဲ့ကြပြီး တေးသံရှင်တွေကလည်း တေးသီချင်းကောင်းများစွာနဲ့ သီဆိုဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။