နေပြည်တော်ကောင်စီနယ်မြေက ရေဘေးသင့်ပြည်သူတွေကို ရွှေသံလွင် Group SKY NET နဲ့ SHWE BANK မိသားစုတို့က စက်တင်ဘာ ၁၈ ရက်မှာ ထမင်းဘူးတွေကို ချက်ပြုတ်လှူဒါန်းခဲ့ပါတယ်။
စက်တင်ဘာ ၁၈ ရက်၊ မနက်ပိုင်းမှာတော့ နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်က ကင်းသာရေဘေး ကယ်ဆယ်ရေးစခန်း၊ အမှတ်(၁၀၉) ခြေမြန်တပ်ရင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်း၊ ကပစ(၁)နဲ့(၄)တို့မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဘူး(၂၃၅၀)ဘူးလှူဒါန်းခဲ့ပါတယ်။


နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဆွမ်းလိုအပ်ချက်ရှိတဲ့ ဘုန်းကြီးကျောင်းတွေက သံဃာတော်တွေအတွက် ကြက်သားဒံပေါက်ဘူး(၁၀၀၀)၊ ဥပ္ပါတသန္တိစေတီတော်ကြီးရှေ့ တပေါင်းကွင်းမှာဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းမှာထမင်းဘူး(၃၀၀)၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ သပြေတောင်ဘုန်းကြီးကျောင်းနဲ့ မယ်မဒီတောင်မှာဖွင့်လှစ်ထားတဲ့ ရေဘေးရှောင်စခန်းတွေရှိ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဘူး(၃၇၀)နဲ့ ညောင်ပင်သာကျေးရွာရှိ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဘူး(၁၃၀)ဘူးလှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဝက်ကုန်းကျေးရွာက ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဘူး(၅၀၀)၊ လယ်ဝေးမြို့နယ်အတွင်းရှိ သံမရဲကျေးရွာစာသင်ကျောင်းနဲ့ ကွမ်းခြံကျေးရွာစာသင်ကျောင်းတွေမှာရှိတဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ထမင်းဘူး(၃၅၀)ဘူးလှူဒါန်းခဲ့ပါတယ်။
လှူဒါန်းမှုအနေနဲ့ကတော့ မနက်ပိုင်းမှာထမင်းဖြူ၊ ကြက်သားအချိုဟင်း၊ ပဲဖတ်ကြော်ပါတဲ့ထမင်းဘူးအရေအတွက် ၅၀၀၀ လှူဒါန်းခဲ့တာဖြစ်ပြီး ညနေပိုင်းမှာထမင်းဘူးအရေအတွက် ၅၀၀၀ ကို လှူဒါန်းခဲ့တာပါ၊၊
အခုလို နေပြည်တော်အတွင်းရှိ ရေဘေးသင့်ပြည်သူတွေအတွက်လှူဒါန်းမှုတွေကို စက်တင်ဘာ ၁၅ ရက်စပြီး နေ့စဉ် ထမင်းဘူးအရေအတွက် ၁၀၀၀၀ ကို ချက်ပြုတ်လှူဒါန်းနေတာဖြစ်ပါတယ်။