လက်ရှိမှာဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် အခက်အခဲရင်ဆိုင်နေရတဲ့ ရေဘေးသင့်ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့ အမိုးသွပ်တွေကို သက်သာတဲ့နှုန်းထားနဲ့ စျေးလျော့ရောင်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်က စက်တင်ဘာ ၁၇ ရက်မှာထုတ်ပြန်ပါတယ်၊၊
အဲဒီလို အမိုးသွပ်တွေကို သက်သာတဲ့နှုန်းထားနဲ့ စျေးလျော့ရောင်းချရာမှာ အမိုးသွပ်အချပ် ရေ ၃ သောင်းကျော်ကို ကာလပေါက်စျေးရဲ့ ၄၀ ရာခိုင်နှုန်း လျော့စျေးနဲ့သက်သာတဲ့နှုန်းထားဖြစ်တဲ့ ၁ ပေ စျေးနှုန်း ၂၅၀၀ ကျပ်နဲ့ ရောင်းချပေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်၊၊

အဲဒီလို ရောင်းချရာမှာ အလှူရှင်တွေ၊ အသင်းအဖွဲ့အစည်းတွေ၊ ပရဟိတအသင်းတွေအနေနဲ့ လှူဒါန်းလိုတဲ့ မြို့နယ်၊ သွပ်ပြားအရေအတွက် ဘယ်လောက်လှူဒါန်းမှာကိုဖော်ပြကာ လျှောက်လွှာနဲ့အမြန်ဆုံးလာရောက် လျှောက်ထားနိုင်ပြီး ဦးရာလူစနစ်နဲ့စိစစ်ရောင်းချပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတစ်ဝန်းရေကြီးရေလျှံမှုတွေကြောင့် နောက်ဆုံးကောက်ယူရရှိတဲ့စာရင်းတွေအရ လူနေအိမ်ပျက်စီးမှုအနေနဲ့ ၁၉၁၅ လုံး လုံးဝပျက်စီးခဲ့ပြီး ၂၀၁ လုံးမှာ တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ကာ ရေဝင်နစ်မြုပ်မှုမှာ ၁၅၈၃၄၃ လုံးရှိတယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၇ ရက်က သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။