နေပြည်တော်နယ်မြေ တပ်ကုန်း၊ လယ်ဝေးနဲ့ ပျဉ်းမနားဒေသတွေကို ရေဘေးကယ်ဆယ်ရေးဆောင်ရွက်မယ့်ကယ်ဆယ်ရေးလူနာတင်ယာဉ်အစီး ၁၀၀ အတွက် တစ်စီးကို စက်သုံးဆီ ၁၀ ဂါလန်နှုန်းအခမဲ့ ဖြည့်တင်းလှူဒါန်းပေးနေတယ်လို့ New Day စက်သုံးဆီဆိုင်ကထုတ်ပြန်ကြေညာပါတယ်။
လှူဒါန်းပေးမယ့် စက်သုံးဆီဆိုင်တွေကတော့ နေပြည်တော်၊ ပျဉ်းမနားမြို့၊ သပြေလှသက်ကယ်ကျင်းရပ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ New Day စက်သုံးဆီအရောင်းဆိုင်တွေမှာဖြစ်ပြီး စက်တင်ဘာ ၁၂ ရက်၊ မနက်ပိုင်းကစတင်ပြီး အခမဲ့ ဖြည့်တင်းလှူဒါန်းပေးနေတာလို့သိရပါတယ်။

အခုလို စက်သုံးဆီလှူဒါန်းပေးတာကို ကယ်ဆယ်ရေးလူနာတင်ယာဉ် အစီး ၁၀၀ ပြည့်အောင် လှူဒါန်းသွားမှာဖြစ်ပြီး ရေဘေးကြုံတွေ့နေရတဲ့ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ အမြန်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် လှူဒါန်းတာဖြစ်တယ်လို့လည်း New Day စက်သုံးဆီဆိုင်က တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
စက်သုံးဆီလာရောက်ဖြည့်တင်းမယ့် ရေဘေးကယ်ဆယ်ရေးလူနာတင်ယာဉ်တွေကိုတော့ ဓာတ်ပုံရိုက်မှတ်တမ်းတင်ထားမှာဖြစ်ပြီး New Day Energy ကုမ္ပဏီလီမိတက်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိ ရေဘေးကြုံတွေ့နေရတဲ့ နေပြည်တော်ကမြို့နယ်အချို့မှာတော့ ရေကြီးရေလျှံမှုတွေဆက်လက်ဖြစ်ပေါ်နေပြီး ရေဘေးကယ်ဆယ်ရေးအကူအညီတွေလိုအပ်နေတယ်လို့ ရေဘေးကြုံတွေ့နေရတဲ့ ဒေသခံတွေကပြောပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့