ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတွေမှာ ငွေကျပ် ၂ ဘီလီယံခွဲ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး တွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းဒေသ ကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၊ (၄၁) ရပ်ကွက်မှာ စက်တင်ဘာလ ၈ ရက်က ကြိုတင် သတင်းအရ အမျိုးသား တစ်ယောက်ကို ရှာဖွေစစ်ဆေးရာ စိတ်ပြောင်းဆေးဝါးတွေဖြစ်တဲ့ ကက်တမင်း ၁ ကီလို၊ Happy Water ၁၀၅ ဂရမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

စစ်ဆေးဖော်ထုတ်ချက်အရ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရောင်းဝယ်ရာမှာ ပူးပေါင်းပါဝင်သူ နောက်ထပ် အမျိုးသားတစ်ယောက်ကို ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၁ (တိုးချဲ့)ရပ်ကွက်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့သလို စက်တင်ဘာလ ၁၂ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်မှာ အမျိုးသားနှစ်ယောက်ကို စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၂ သိန်းနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းမိသူတွေ ကို မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်စစ်ဆေး ဖော်ထုတ်နေတယ်လို့ သိရပါတယ်။