ရခိုင်ပြည်နယ်၊ စစ်တွေနဲ့သံတွဲမြို့နယ်မှာရှိတဲ့ ဘိုးဘွားရိပ်သာတွေမှာ အလှူရှင်တွေနည်းပါးလာတဲ့အတွက် စားသောက်ရေး အခက်အခဲတွေဖြစ်နေတယ်လို့ ဘိုးဘွားရိပ်သာတာဝန်ရှိသူတွေဆီက သိရပါတယ်။ ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေပြီး ဒေသခံအများအပြား ယာယီနေရပ်စွန့်ခွာသူတွေများလာတဲ့အတွက်ကြောင့် အလှူငွေရရှိမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။
ဘိုးဘွားရိပ်သာတွေမှာတော့ ဒေသခံတွေရဲ့ လစဉ်အလှူငွေတွေ၊ ထာဝရအလှူငွေတွေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ တစ်ခါတလေ အလှူငွေရရှိမှုနည်းတဲ့အခါ အရင်ကရှိခဲ့တဲ့ ပဒေသာပင်ထဲကထုတ်ပြီး သုံးစွဲရတယ်လို့ ဘိုးဘွားရိပ်သာ တာဝန်ခံကပြောပါတယ်။

ရေရှည်သာအခုလို အလှူငွေနည်းပါးလာရင် ဘိုးဘွားရိပ်သာရပ်တည်ရမှု ခက်ခဲလာမှာဖြစ်တဲ့အတွက် ပြည်ပရောက်နေသူတွေရော ပြည်တွင်းကအလှူရှင်တွေအနေနဲ့ပါ အလှူငွေတွေ လှူဒါန်းစေချင်တယ်လို့ ဆိုပါတယ်။
စစ်တွေဘိုးဘွားရိပ်သာမှာ အဘိုးအဘွားအယောက်(၄၀)ရှိပြီး တစ်လတာအသုံးစရိတ်ကုန်ကျငွေက ငွေကျပ် သိန်းတစ်ရာကျော်အထိ ကုန်ကျတယ်လို့သိရပါတယ်။ ဒါ့အပြင် သံတွဲမြို့နယ်ရှိ မေတ္တာဝတီဘိုးဘွားရိပ်သာမှာဆိုရင်လည်း မြို့ခံတွေ ယာယီနေရပ်စွန့်ခွာမှုတွေရှိနေတဲ့အတွက် အလှူငွေရရှိမှုနည်းလာပြီး အဖွဲ့ဝင်တွေရဲ့ ငွေတွေနဲ့ရပ်တည်နေတာဖြစ်တယ်လို့ မေတ္တာဝတီဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ ဦးတင်လေးကပြောပါတယ်။ မေတ္တာဝတီ ဘိုးဘွားရိပ်သာမှာတော့ အဘိုးအဘွားအယောက်(၄၀)ကျော်ရှိပြီး တစ်လကိုအသုံးစရိတ် ငွေကျပ် သိန်း ၉၀ လောက် ကုန်ကျတယ်လို့သိရပါတယ်။