အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)ဟာ ဇန်နဝါရီ ၂၈ ရက်၊ မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ ဆရာကြီးရဲ့ မိသားစုဝင်တွေဆီကနေ သိရပါတယ်။ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ဟာ မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားသူ တစ်ယောက်ဖြစ်ပြီး ဆရာကြီး ကွယ်လွန်တာဟာ မြန်မာစာပေလောကအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှု ဖြစ်တယ်လို့ စာရေးဆရာ တစ်ယောက်က မှတ်ချက်ပြု ပြောပါတယ်။

ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက်က ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့နယ်မှာ မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးခင်အေး ဖြစ်ပါတယ်။ဆရာကြီးဟာ ၂၀၀၂ ခုနှစ်မှာ မြန်မာစာပါမောက္ခအဖြစ်ကနေ အငြိမ်းစား ယူခဲ့ပြီး မြန်မာစာပေနဲ့ ပတ်သက်တဲ့ စာအုပ် ၃၀ နီးပါး ရေသားခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီးဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ၂၀၀၂ ခုနှစ်က ချီးမြှင့်ခံခဲ့ရသလို စာပေနဲ့ ပတ်သက်လို့ အမျိုးသားစာပေဆု(စာပဒေသာဆု)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ပထမဆင့်) နဲ့ အမျိုးသားစာပေ တစ်သက်တာဆုတို့ကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက် ၈၄ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။