ပဲခူးမြို့မှာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူးပြီး သီတင်းကျွတ်မီးထွန်းပွဲတော်ကို အရင်နှစ်တွေနည်းတူ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။
ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်မှာ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ(၁၇)ရက်၊ ညပိုင်း အချိန်မှာ ဆီမီး(၁၀၀၀၀)ထွန်းညှိပူဇော်ပွဲ ကျင်းပသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပဲခူးမြို့မှာ သီတင်းကျွတ် ပွဲတော်ကာလအတွင်းမှာ ပထမအကြိမ် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်ကြီး ဥဒကဒေသစာရီ လှည့်လည် အပူဇော်ခံယူတော်မူဖို့ စံကျောင်းတော်ကို ပင့်ဆောင်ပူဇော်တဲ့ မင်္ဂလာအခမ်းအနားနဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲ မင်္ဂလာမုခ်ဦးဖွင့်ပွဲအခမ်းအနားတို့ကို အောက်တိုဘာ (၁၅)ရက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ပျော်ပွဲရွှင်ပွဲတွေအနေနဲ့ အောက်တိုဘာလ (၁၃)ရက်ကနေ (၁၅)ရက်အတွင်း နိုင်ငံကျော်မျက်လှည့် ပညာရှင်ကြီး စက္ကောမ၊ ရဲဇော်ထွန်းအဆင့်မြင့်ဆပ်ကပ်အဖွဲ့တို့ရဲ့ဖျော်ဖြေမှု၊ အောက်တိုဘာလ(၁၆)ရက်နဲ့ (၁၈)ရက်တို့မှာ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် စွမ်းဇာနည်နဲ့အဖွဲ့ အပါအဝင် အနုပညာရှင်တွေရဲ့ဖျော်ဖြေမှုတွေက ဖျော်ဖြေရေးယာဉ်နဲ့ မြိုတွင်းကိုလှည့်လည် ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။
လမ်းမကြီးတွေပေါ်မှာလည်း ရောင်စုံအလှမီးဆိုင်းတွေနဲ့ ဓာတ်ပုံရိုက်ဖို့ မီးထွန်းအရုပ်တွေ ထားရှိပေးသွားမှာဖြစ်သလို စျေးရောင်းပွဲတော်တွေ လည်း ထည့်သွားထားရှိမှာဖြစ်တယ်လို့ ပဲခူးတိုင်းအစိုးရအဖွဲ့ကနေ သိရပါတယ်။