ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကနေ ပြင်ဦးလွင်နဲ့နောင်ချို့မြို့နယ်အစပ်ရှိ ကျေးရွာတွေကို ယာယီတိုက်ပွဲရှောင်လာသူတွေဟာ လက်ရှိမှာ စားသောက်ရေးအတွက် ဆန်ရိက္ခာလိုအပ်ချက်အခက်အခဲတွေရှိနေတယ်လို့ တိုက်ပွဲရှောင်တွေကို သွားရောက်လှူဒါန်းတဲ့ ပြင်ဦးလွင်မြို့၊ တောင်ပုလတောင်စေတီတော် တောင်ပုလဆရာတော် အရှင်ပညာဘောဂ ကမိန့်ပါတယ်။

ယာယီတိုက်ပွဲရှောင်ပြည်သူတွေဟာ ပြင်ဦးလွင်နဲ့ နောင်ချို့မြို့ နယ်အစပ်ရှိ ကျေးရွာတွေက နီးစပ်ရာနေအိမ်တွေမှာ ယာယီခိုလှုံနေထိုင်နေကြပြီး စားသောက်ရေးမှာ အထောက်အပံ့ဖြစ်စေဖို့ ဆန်နဲ့အလှူငွေတွေ သွားရောက်လှူဒါန်းဖြစ်ခဲ့တယ်လို့ တောင်ပုလဆရာတော် အရှင်ပညာဘောဂက မိန့်ပါတယ်။

တောင်ပုလတောင်တော်မှာ ဝါတွင်းကာလဘုရားဖူးတွေလာရင် စတုဒိသာကျွေးမွေးလှူဒါန်းဖို့ အရန်အဖြစ်ထားရှိတဲ့ဆန်အိတ်တွေကို လက်ရှိအခြေအနေတွေကြောင့် ဘုရားဖူးတွေလည်းမလာရောက်နိုင်တဲ့အတွက် အဲဒီဆန်အိတ်တွေနဲ့အတူ အခြားအလှူရှင်တွေလှူဒါန်းတဲ့ ငွေသားတွေကိုပါ ထည့်သွင်းလှူဒါန်းဖြစ်ခဲ့သလို နောက်ထပ်လည်း သွားရောက်လှူဒါန်းနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။