မြန်မာနိုင်ငံရေဘေးဒဏ်သင့်ဒေသတွေအတွက် အိန္ဒိယနိုင်ငံအစိုးရနဲ့ အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန AHA Centre တို့ကပေးပို့တဲ့ လူသားချင်းစာနာမှုအကူအညီပစ္စည်းတွေဟာ စက်တင်ဘာ ၁၇ ရက်ကရောက်ရှိလာပြီး မြန်မာနိုင်ငံအစိုးရကို လွှဲပြောင်းပေးအပ်တယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယနိုင်ငံအစိုးရကပေးပို့တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းတွေကတော့ စက်တင်ဘာ ၁၇ ရက် ညနေပိုင်းက နေပြည်တော်လေဆိပ်ကိုရောက်ရှိလာတာဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေက မြန်မာနိုင်ငံအစိုးရကိုလွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
အိန္ဒိယကပေးပို့လာတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပစ္စည်းတွေထဲမှာ ခြင်ထောင်၊ အသင့်စားအစားအစာထုပ်၊ မီးဖိုချောင်သုံးပစ္စည်း၊ ဆိုလာမီးအိမ်၊ မီးစက် ၊ တစ်ကိုယ်ရေသန့်ရှင်းသုံးပစ္စည်းနဲ့ ဆေးဝါးပစ္စည်းတွေပါဝင်ပြီး စုစုပေါင်းပစ္စည်း တန်ချိန် ၃၀ ကျော်ပါရှိလာတာပါ။

အလားတူ အစားအစာ၊ အဝတ်အထည်၊ ဆေးဝါး၊ တာပေါ်လင်နဲ့ ယာယီတဲတွေသယ်ဆောင်လာတဲ့ အိန္ဒိယရေတပ်ကစစ်ရေယာဉ်တွေဟာလည်း စက်တင်ဘာ ၁၇ ရက်၊ ညနေပိုင်းမှာပဲ ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ထပ်မံရောက်ရှိလာတယ်လို့ သိရပါတယ်၊၊
အဲဒီအပြင် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာနက ထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၃ သိန်းကျော်တန်ဖိုးရှိ ပစ္စည်းတွေဟာလည်း ရန်ကုန်နဲ့နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို စက်တင်ဘာ ၁၇ ရက်က ဆိုက်ရောက်ခဲ့တယ်လို့သိရပါတယ်၊၊
နိုင်ငံတော်အစိုးရအနေနဲ့ ရေဘေးဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ်တုံ့ပြန်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုဘယ်သူတစ်ဦးတစ်ယောက်မျှမကျန်ရှိစေရေးမူနဲ့ဆောင်ရွက်နေပြီး ရောက်ရှိလာတဲ့ကယ်ဆယ်ရေးပစ္စည်းတွေကို ရေဘေးသင့်ဒေသတွေဆီ အမြန်ဆုံးပို့ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်၊၊