ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၅၆ ရပ်ကွက်၊ ကျောက်စိမ်းမြတ်ရတနာလမ်းမှာ ဖြစ်ပွားခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဒသမတန်းကျောင်းသူ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို ဖမ်းမိထားပြီး ဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အမှုဖြစ်စဉ်က တော့ ဇူလိုင် ၄ ရက်က အသက် ၁၇ နှစ်အရွယ် ဒသမတန်း ကျောင်းသူ မထက်ထက်လှိုင်ဟာ လည်ပင်းဒဏ်ရာ၊ လည်ပင်းရိုးနဲ့ နံရိုးကျိုး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်ပြီး မူလက သေမှုသေခင်း ဖွင့်လှစ် ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးမှုအပေါ် ဇူလိုင် ၅ ရက်မှာ မီးသင်္ဂြိုဟ်ဖို့ လုပ်ဆောင်ထားပေးမယ့် သေဆုံးသူရဲ့ လည်ပင်းမှာ ညိုမည်း ဒဏ်ရာတွေ တွေ့ရတာကြောင့် မီးသင်္ဂြိုဟ်မယ့် အစီအစဉ်ကို ပြောင်းပြီး ဂူသွင်းသင်္ဂြိုဟ်ခဲ့တာဖြစ်တယ်လို့ ၅၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
အဲဒီနောက်မှာတော့ သက်ဆိုင်ရာ ရဲတပ် ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ မှုခင်းဆရာဝန်တို့က မထက်ထက်လှိုင်ကို ဂူသွင်း သင်္ဂြိုဟ်ထားတဲ့ ရုပ်အလောင်းကို ဇူလိုင်လ ၈ ရက်မှာ ပြန်လည်ဖွင့်ဖောက်စစ်ဆေးခဲ့ရာ လူသတ်မှုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သေဆုံးသူ မထက်ထက်လှိုင်ကို မွေးစားထားတဲ့ ဦးလေးအရင်းဖြစ်သူနဲ့ သူရဲ့ ဇနီးဖြစ်သူ တို့ကို ဖမ်းဆီးထားပြီး တောင်ဒဂုံမြို့မ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ပြောင်းလဲဖွင့်လှစ်ကာ စစ်ဆေးနေ တယ်လို့ သိရပါတယ်။