ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ ကော်စေ့စက်ရုံတစ်ရုံမှာ ဒီဇင်ဘာ ၅ ရက်၊ ည ၆ နာရီ ၅၇ မိနစ်လောက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ ၉ နာရီလောက်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရတယ် လို့ မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီမီးလောင်မှုကို Level 2 ယာဉ်အုပ်စုနဲ့ ငြှိမ်းသတ်ခဲ့ရပြီး ဒီဇင်ဘာ ၆ ရက်၊ မနက် ၃ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းခဲ့တာလို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ မီးခိုးမွှန်တဲ့ ဝေဒနာခံစားရသူတွေကို ကြက်ခြေနီအသင်းဝင်တွေနဲ့ လူမှုကူညီရေး အသင်းဝင်တွေက မြေပြင်ကုသမှုတွေ ပြုလုပ်ပေးခဲ့ရတယ်လို့လည်း သွားရောက်ကူညီခဲ့တဲ့ လူမှုကူညီရေး အသင်းတွေဆီကနေ သိရပါတယ်။

လက်ရှိမှာတော့ မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့က စစ်ဆေးနေပြီး ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။