ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်မှာ တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ တရုတ်နိုင်ငံသား လေးယောက်ကို လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးတွေ၊ တရားမဝင် လက်ဝယ်ထားရှိတဲ့ တောရိုင်းတိရစ္ဆာန် တွေနဲ့အတူ ဇွန်လ ၁၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဖြစ်စဉ်ကတော့ တာချီလိတ်မြို့နယ်၊ ဝမ်ကျောက်လုံကျေးရွာရှိ ဒေါ်အီလာခမ်း ပိုင်ဆိုင်တဲ့ ခြံအတွင်း ငါးကန် ဟောင်းနေရာမှာ တရုတ်နိုင်ငံသားတွေ တရားမဝင်ရောက်ရှိ နေထိုင်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေက ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေအိမ်ခြံအတွင်းမှာ တရားမဝင်ရောက်ရှိနေထိုင်နေတဲ့ တရုတ်နိုင်ငံသား ရှောက်ဟူ၊ လောင်ရောင်း၊ လောက် လျိုးနဲ့ အားဖိန်းတို့ (၄)ယောက်ကို MK 12 သေနတ် ၁ လက်၊ M 16 သေနတ် ၁ လက်၊ ပစ္စတို သေနတ်တွေ အပါအဝင် လက်နက်ခဲယမ်းတွေ မူးယစ်ဆေးဝါးတွေနဲ့ တရားမဝင် လက်ဝယ်ထားရှိတဲ့ တောရိုင်းတိရစ္ဆာန် ခြင်္သေ့ တစ်ကောင်၊ ကျားတစ်ကောင်၊ ဝက်ဝံနှစ်ကောင်တို့နဲ့အတူ တွေ့ရှိဖမ်းဆီးရမိတာလို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၄ ယောက်နဲ့ သူတို့ကို တရားမဝင်နေထိုင်ခွင့်ပြုထားသူ ခြံပိုင်ရှင် ဒေါ်အီလာခမ်း တို့ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆက်လက်ဆောင်ရွက် နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
