အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်း(ကျားဖြန့် )တွေဟာ ဂျပန်လူမျိုးတွေကို ပစ်မှတ်ထားပြီးလိမ်လည်ဖို့အတွက် ဂျပန်နိုင်ငံသားတွေနဲ့ ဂျပန်ဘာသာစကားတတ်ကျွမ်းတဲ့မြန်မာလူမျိုးတွေကို အသုံးချဖို့ ရည်ရွယ်လာနိုင်ခြေရှိ တယ်လို့ ရန်ကုန်မြို့၊ ဂျပန်သံရုံးက သတိပေးထုတ်ပြန်ထားပါတယ်။

လက်ရှိဂျပန်နိုင်ငံမှာ အွန်လိုင်းဂိမ်း၊ လူမှုကွန်ရက်တွေကနေ သိကျွမ်းလာခဲ့ပြီး မျက်မြင်တွေ့ဆုံဖူးတာ မရှိတဲ့ အသိ မိတ်ဆွေတွေကတစ်ဆင့် ထိုင်း၊ ကမ္ဘောဒီးယား အစရှိတဲ့ ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ဖို့ မိတ်ဆက်ပေးတဲ့ အတွက် အဲဒီနိုင်ငံတွေကို ထွက်ခွာလာပြီး နောက်ဆုံးမှာ မြန်မာနိုင်ငံ မြဝတီမြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်လည်ရေး စခန်းတွေကို ခေါ်ဆောင်ခံရကာ အွန်လိုင်းလိမ်လည်မှုတွေကို လုပ်ကိုင်ဖို့ စေခိုင်းခံရတဲ့ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ အဲဒီငွေလိမ်လည်တဲ့ စခန်းတွေကို ရောက်ရှိသွားတဲ့သူတွေဟာ မျက်ခြည်မပြတ် စောင့်ကြည့်ခံရတဲ့ အနေအထားနဲ့ လိမ်လည်တာတွေကို အတင်းအကျပ် စေခိုင်းခံရပြီး သတ်မှတ်ခွဲတမ်းမပြည့်ရင် ညှဉ်းပန်းနှိပ်စက်ခံရပါတယ်။

ဒါ့ကြောင့် အွန်လိုင်းဂိမ်းတွေနဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ သိကျွမ်းလာခဲ့ပြီး မျက်မြင် တွေ့ဆုံ ဖူးတာမရှိတဲ့ အသိမိတ်ဆွေကတစ်ဆင့် ဂျပန်ဘာသာစကားကို အသုံးပြုရမယ့် အလုပ်လုပ်ကိုင်ဖို့ ဆွဲဆောင်ခံရရင် မယုံကြဖို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သတိပေးထားပါတယ်။ဒီလိုကိစ္စတွေ ကြုံတွေ့ရသူတွေအနေနဲ့ မိသားစုနဲ့ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှာ တိုင်ပင်ဆွေးနွေးပြီး အွန်လိုင်း ငွေလိမ်လည်မှုလုပ်ငန်း(ကျားဖြန့် )ရဲ့ လိမ်လည်လှည့်ဖြားတာ မခံရအောင် အထူးသတိပြုကြဖို့ တိုက်တွန်းထား ပါတယ်။ ဂျပန်အစိုးရအနေနဲ့လည်း ထိုင်းနဲ့မြန်မာနိုင်ငံက သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။