ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုတွေကြောင့် မိုးစပါးစိုက်ဧက ၈၈၀၀ နီးပါး ထိခိုက်ခဲ့ပြီး ဧက ၁၅၀၀ နီးပါးပျက်စီးခဲ့ရတယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။ ပျက်စီးသွားတဲ့လယ်တွေအတွက် မျိုးစပါး ၁၄၉၇ တင်း၊ ယူရီးယားဓာတ်မြေဩဇာအိတ် ၄၅၀၊ ပိုတက်ရှ် ဓာတ်မြေဩဇာအိတ် ၄၀၀ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေက မိုးစပါးထိခိုက်ပျက်စီးသွားတဲ့ ဘားအံ၊ လှိုင်းဘွဲ၊ ပိုင်ကျုံ၊ ရှမ်းရွာသစ်မြို့တွေရှိ ကျေးရွာအုပ်စု ၁၈ စုက တောင်သူတွေကို မျိုးစပါးတွေ၊ ယူရီးယားဓာတ်မြေဩဇာတွေ၊ ပိုတက်ရှ်ဓာတ်မြေဩဇာတွေနဲ့ ဆေးဖျန်းပုံးတွေ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်တတိယပတ်လောက်ကစပြီး မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ကရင်ပြည်နယ်မှာရှိတဲ့ မြစ်ရေ၊ ချောင်းရေတွေစံချိန်တင်မြင့်တက်ခဲ့ပြီး ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။