ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ ကလေးတွေအတွက် Keeper Talks (တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဆွေးနွေးပွဲ) အစီအစဉ်တွေကို နေ့စဉ် တစ်ရက်ကို(၆ )ကြိမ်လောက် ပြုလုပ်ပေးနေတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကနေသိရပါတယ်။
အဲဒီ Keeper Talks အစီအစဉ်မှာ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတွေက သူတို့ထိန်းသိမ်းစောင့်ရှောက်ပေးနေတဲ့တောရိုင်းတိရစ္ဆာန်လေးတွေနဲ့ပတ်သက်တဲ့ ဗဟုသုတတွေ၊ အသိပညာအကြောင်းအရာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ နေထိုင်မှုသဘာဝနဲ့ သဘာဝဂေဟစနစ်မှာ သက်ရှိတွေ မှီတည်ချိတ်ဆက်နေတာတွေကို အသိပညာပေးပြောကြားသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

အခုအစီအစဉ်ကိုတော့ နေ့စဉ် မနက်(၉)နာရီခွဲအချိန်မှာ ငှက်ကြီးဝန်ပို၊ မနက်(၁၀)နာရီခွဲအချိန်မှာ မျောက်စပ်၊ မနက်(၁၁) နာရီခွဲအချိန်မှာ မြင်းကျား၊ နေ့လယ်(၁)နာရီခွဲအချိန်မှာ ဘင်္ဂလားကျား၊ နေ့လယ်(၂)နာရီခွဲမှာ အာရှဆင်နဲ့ ညနေ(၃)နာရီခွဲအချိန်မှာ ရွှေသမင်လေးတွေရဲ့အကြောင်းတွေကို ပြုလုပ်တင်ဆက်ပေးနေတယ်လို့သိရပါတယ်။
အဲဒီအစီအစဉ်တွေကို သတ်မှတ်ချိန်အလိုက် သက်ဆိုင်ရာ တိရစ္ဆာန်လေးတွေရဲ့ ခြံဝင်းလှောင်အိမ်တွေမှာ တင်ဆက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။